ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

ဆေးရုံဆင်းလာသည့် စစ်ကောင်စီတပ်သားများကို အပန်းဖြေခရီးစဉ်အဖြစ် ချောင်းသာကမ်းခြေသို့ ဇန်နဝါရီ ၉ ရက်နေ့က လေးကြိမ်မြောက် ထပ်မံရောက်ရှိလာကြောင်း သတင်းရရှိသည်။

“ကမ်းခြေကိုလာတာ တစ်နှစ်အတွင်းမှတ်မိသလောက် လေးကြိမ်ရှိနေပြီ။ ခြေပြတ်၊ လတ်ပြတ်တွေ များပါတယ်။ အမှန်ဆို ဆေးပင်စင်ယူရမယ့်လူတွေရှေ့တန်းပြန်ရမယ်ဆိုတော့မျက်နှာမကောင်းကြဘူး။ ဒေသခံတွေကတော့သူတို့တွေ ခုလိုခဏခဏလာလေ တိုက်ပွဲတွေမှာ ဘယ်လောက်ရှုံးနေပြီလဲဆိုတာ သိသာလာလေဆိုတော့ တော်လှန်ရေးအတွက် အားတက်ရတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဒဏ်ရရပြီးဆေးရုံဆင်းလာသောစစ်ကောင်စီတပ်သား ၂၀၀ခန့်ကို ပုသိမ်မြို့မှ တစ်ဆင့်စစ်ကားအကြီး၁၀စီးခန့်နှင့် ချောင်းသာကမ်းခြေသို့ခေါ်ဆောင်လာပြီး အုန်းတောရွာ ရှိ စစ်တပ်တွင် နတခတိုင်းမှူးနှင့် တိုင်း၀န်ကြိီးချုပ်ကိုယ်တိုင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိ လာရောက်သောစစ်ကောင်စီတပ်သားအများစုမှာ တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွါးသည့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာနှင့် ခြေ၊လက်များဆုံးရှုံးခဲ့သူများဖြစ်ပြီး နှုတ်ထွက်ခွင့်တောင်းခံသူအချို့ရှိသော်လည်း ထွက်ခွင့်မပေးပဲ အပန်းဖြေ ခရီးကိုခေါ်ဆောင်လာကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှသိရှိရသည်။

#ဒဏ်ရာရ #စစ်ကောင်စီတပ်သားများ #ရှေ့တန်းမပို့ခင် #ချောင်းသာကမ်းခြေ #ထပ်မံပို့ဆောင် #Ayeyarwaddy_Times