နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၀ ရက်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌသစ် ဖြစ်လာသည့် လာအိုနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ကိုယ် Mr.Alounkeo Kittikhoun သည် ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်ခေါင်းဆောင်များ အပြင် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့နှင့် နိုင်ငံရေးပါတီများကို တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် Mr.Alounkeo Kittikhoun ၏ ယခုခရီးစဉ်သည် ပထမဆုံးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ မည်သူတို့နှင့် တွေ့ဆုံမည်ဆိုခြင်းကို လတ်တလော မသိရှိရသေးသော်လည်း ယနေ့တွင် NCA ထိုးထားသည့် အပစ်ရပ်အဖွဲ့ ခုနစ်ဖွဲ့နှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များထံက သိရသည်။

“ဖိတ်ကြားတာကတော့ တစ်ဖွဲ့ချင်းဆီကို ဖိတ်တယ်။ အပစ်ရပ် ခုနစ် ဖွဲ့အပြင် PPST ရဲ့ LC က ခေါင်းဆောင် နှစ်ဦး သုံးဦးကိုလည်း ဖိတ်ထားတာရှိတယ်။ သို့သော်လည်းပဲ လက်ရှိအခြေအနေအရ တချို့အဖွဲ့တွေကျတော့ သွားဖို့အဆင်မပြေတဲ့ အပိုင်းတွေလည်း ရှိတဲ့အပေါ်မှာ ကျွန်တော်သိရသလောက်ဆိုရင်တော့ ကျွန်တော်တို့ ခုနစ်ဖွဲ့ထဲက ငါး ဖွဲ့သွားဖို့ အတည်ဖြစ်ပါတယ်” ဟု KNU/KNLA-PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် Mr.Alounkeo Kittikhoun နှင့်တွေ့ဆုံမည့် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့ ငါး ဖွဲ့မှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်ကြောင်း သိရသည်။

“အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ နေ့စဉ်နဲ့အမျှ ပစ်ခတ်တိုက်ခိုက်မှုတွေက ရှိနေတယ်။ စစ်ဘောင်က ကျယ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဘောင်က ကျဉ်းမြောင်းနေတယ်။ နောက်ပြီးတော့ ပြည်သူလူထုရဲ့ အသက်အိုး အိမ် စည်းစိမ်တွေကလည်း တစ်နေ့တခြား ပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာ ၃ နှစ်တာ အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီ ၂၀၂၄ မှာတော့ ကျွန်တော်တို့က မျှော်လင့်ချက်တစ်ခု ထားချင်တယ်။ မျှော်လင့်ချက်ဆိုတာကလည်း ဆင်းလုံးချော အောင်မြင်တဲ့၊ ပြီးပြည့် စုံတဲ့ အကျိုးရလာဒ်ကို ကျွန်တော်တို့ မျှော်မှန်းဖို့ကတော့ အခက်အခဲရှိတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။

ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ်သစ်သည် လာမည့် ဇန်နဝါရီ ၁၂ ရက်တွင်လည်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ပါတီတည်ထောင်ခွင့် ရရှိထားသော နိုင်ငံရေးပါတီများနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
“တွေ့မှာတော့ ဟုတ်ပါတယ်။ UEC က ဖိတ်စာတော့ ရပါပြီ။ ကျန်တာကတော့ မသိသေးဘူး” ဟု ရခိုင့် ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲ့သို့ တွေ့ဆုံမှု မပြုလုပ်ခင် နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) နှင့် နံနက်ပိုင်းတွင် အရင်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းများကို ပါတီအလိုက် တင်ပြဖတ်ပြ ဆွေးနွေးရမည် ဖြစ်ကြောင်း ဒီမိုကရက်တစ်(မြန်မာ)ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုထံက သိရသည်။

“ကျွန်မတို့ အဲဒါဘာမှ မသိရသေးဘူး။ ၁၂ ရက်ကျမှ တိုင်းဝန်ကြီးများရုံးမှာ ခေါ်ထားတယ်။ အဲဒီမှာ ကျွန်မတို့က ကိုယ်တင်ပြ ချင်တာလေးတွေ၊ တင်ပြတယ်ဆိုတာ သူ့ကို(အာဆီယံ အထူးကိုယ်စားလှယ်သစ်) တင်ပြတာ မဟုတ်ဘူး။ မြန်မာပြည် ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ စာတမ်းလေးတွေ ပြုစုရမယ်၊ ဖတ်ပြရမယ်။ သူနဲ့ တွေ့ရမှာက သက်သက်၊ သူနဲ့က ဘာပြောရမလဲဆိုတာ မသိဘူး။ ဒီလိုပဲ ထင်ပါတယ်၊ မိတ်ဖြစ်ဆွေဖြစ် စကားပြောကြမှာ ထင်ပါတယ်” ဟု ဒေါ်သန်းသန်းနုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ရန် တိုက်တွန်းလျက်ရှိသော်လည်း မြန်မာပြည်သူများ၏ ဆန္ဒနှင့် အာဏာရှင်တိုက်ဖျက်ရေး အားထုတ်ကြိုးပမ်းမှုများကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်၍ ထိုသို့လုပ်ဆောင်နေမှုများ ရပ်တန့်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် မြန်မာ့အရေး ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပက အဖွဲ့အစည်း ၆၀၀ ကျော်က အာဆီယံကို တောင်းဆိုထားသည်။

ပုံစာ- မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် Mr.Alounkeo Kittikhoun

ပုံစာ-စစ်ကောင်စီ၏ NSPNC နှင့် NCA လက်မှတ်ထိုး အပစ်ရပ် အဖွဲ့များ ၂၀၂၃ မတ်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ် (ပုံဟောင်း)
#လာအိုနိုင်ငံ #အာဆီယံအထူးကိုယ်စားလှယ်သစ် #မြန်မာနိုင်ငံလာရောက် #စစ်ခေါင်းဆောင်များ #အပစ်ရပ်အဖွဲ့ #နိုင်ငံရေးပါတီများ #တွေ့ဆုံမည် #Ayeyarwaddy_Times