
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၁၀ ရက်
အင်ဒိုနီးရှားနိုင်ငံဟာ ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်မှာ အဓိက တိုင်းပြည်တစ်ခုဖြစ်ပြီး ပွဲကြည့်ပရိသတ် ဟုတ်ဖူးဆိုတာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း တိုင်းပြည်ရဲ့ သံခင်းတမန်ခင်းက ထုတ်ဖော်ပြသခဲ့တယ်လို့ နိုင်ငံခြား ရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။
တနင်္လာနေ့က အနောက်ဂျာဗားပြည်နယ်၊ ဘန်ဒေါင်းမြို့တော်မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် နိုင်ငံခြားရေးဝန် ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရတ်နိုမာဆူဒီက အခုလို မှတ်ချက်ပြုခဲ့တာပါ။
၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့မှု အပါအဝင် အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်း ဆောင်မှုကို ကမ္ဘာကြီးက အသိအမှတ်ပြုတယ်လို့ သူက ဆိုပါတယ်။
“ဒေသတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ ခေါင်းဆောင်မှုဟာ ဒေသတွင်း အဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံကို ဘော်လ်ကန်နိုင်ငံတွေလိုမဖြစ်အောင် ဟန့်တားရာမှာ အရေးပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ ရတ်နိုမာဆူဒီက မြန်မာ့အရေးဟာ အင်ဒိုနီးရှားနိုင်ငံအတွက် စိုးရိမ်စရာကိစ္စ ရပ်တစ်ခုအဖြစ် ဆက်ရှိနေတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အာဆီယံ အလှည့်ကျဥက္ကဌသက်တမ်းအတွင်း မြန်မာနိုင်ငံကို အကျပ်အတည်းမှ လွတ်မြောက်စေမယ့် ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုရှိစေဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူ တွေနဲ့ ထိတွေ့ဆက်ဆံမှု ၂၆၅ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
“ရိုဟင်ဂျာအရေး ဖြေရှင်းရာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တည်ငြိမ်မှုက အရေးကြီးမှာဖြစ်ပြီး အဲလိုလုပ် ဆောင်နိုင်မှာသာ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မှာဖြစ်ပါတယ်” လို့ သူက မှတ်ချက်ပြုပါတယ်။
ကမ္ဘာ့နိုင်ငံတွေကြား အမြင်ကွဲပြားမှုတွေဖြစ်နေစဉ်မှာ အင်ဒိုနီးရှားနိုင်ငံက တံတားထိုးပေးတဲ့ အခန်း ကဏ္ဍတစ်ရပ်ကနေ ထိထိရောက်ရောက် ပါဝင်နိုင်ခဲ့တယ်လို့ ရတ်နိုမာဆူဒီက ဆိုပါတယ်။
ကိုးကား – Antara News
Ref; Indonesia is major player in region, not spectator: FM