ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ စိုက်ပျိုးဘဏ်သည် တိုင်းစစ်ကောင်စီရန်ပုံငွေရရှိရန် ဒေသခံများကို အကြွေးစနစ်ဖြင့် ဓာတ်မြေဩဇာများကို အတိုးယူရောင်းချနေကြောင်း သိရသည်။

ညောင်တုန်းမြို့အနီးရှိ ကျေးရွာများမှ ဒေသခံတောင်သူများကို မြို့နယ်စစ်ကောင်စီဖြင့်အကျိုးတူလုပ်ကိုင်နေသည့် ဓာတ်မြေဩဇာအရောင်းဆိုင်များမှတဆင့် ဒေသခံတောင်သူများအပေါ်တစ်ဦးလျှင်ဓာတ်မြေဩဇာ၂၀အိတ် (ကာလတန်ဖိုး၂၆သိန်း) ကို အကြွေးစနစ်ဖြင့်အတိုးယူရောင်းချမှု ပြုလုပ်နေကြောင်းတောင်သူများထံကသိရသည်။

“မြို့နယ်စိုက်ဘဏ်နဲ့ အကျိုးတူလုပ်နေတဲ့ဆိုင်တွေကနေ တောင်သူတစ်ယောက်ကိုဓာတ်မြေဩဇာအိတ်၂၀မယူမနေရယူခိုင်းတယ်။တစ်ယောက်ကိုသိန်းနှစ်ဆယ်ကျော်ပေးရမှာ။အပြင်မှာကိုးသောင်းပဲရှိတာ။ပြီးတော့အတိုးလည်းယူသေးတယ်။တစ်ယောက်ကိုနှစ်အိတ်ဖိုး နှစ်သိန်းခြောက်သောင်း စရံပေးရတယ်။စပါးပေါ်ချိန်ထပ်ပေးရမယ်” ဟု ကြောင်သျှာကုန်းကျေးရွာမှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြို့နယ်စိုက်ဘဏ်အနေဖြင့် တိုင်းစစ်ကောင်စီရန်ပုံငွေအတွက် ကျပ်သိန်း၁၀၀၀ပေးရမည်ဖြစ်၍ မြို့အနီးရှိတလိုင်းတက်၊ကြောင်သျှာကုန်း၊တူးချောင်း၊အုန်းပင်စုအပါအဝင်ကျေးရွာများမှ တောင်သူ၅၀၀နီးပါးကို အတိုးနှုန်း ၁ ဒဿမ ၆ ရာခိုင်နှုန်းယူ၍ ဓာတ်မြေဩဇာရောင်းချခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ဘဏ်နှင့်နီးစပ်သူများထံကသိရသည်။

“စိုက်ဘဏ်ကပါ တိုင်းရန်ပုံငွေရှာနေရတယ်။ကျပ်သိန်းတစ်ထောင်ရှာရမှာ။အချိန်တော့မသတ်မှတ်ထားဘူး။အဲဒါကြောင့် မြို့နယ်ထွေအုပ်နဲ့နီးစပ်တဲ့ ဓာတ်မြေဩဇာအရောင်းဆိုင်ရှင်တွေကိုရောင်းခိုင်းတာ။သူတို့ကလက်ငင်းယူပေါ့။တောင်သူတွေကို အတိုးနဲ့အကြွေးပြန်ရောင်းခိုင်းတယ်။တောင်သူတွေက အရင်နှစ်အိတ်ဖိုးစရံပေး ၊ ကျန်တာနောက်မှအကြွေးဆပ်ပေါ့။ ၁၀ရွာကိုစာရင်းကောက်ပြီး အကြွေးပုံစံအရင်ရောင်းနေတယ်”ဟုမြို့နယ်စိုက်ဘဏ်နှင့်နီးစပ်သူကဆိုသည်။

အလားတူ မအူပင်မြို့နယ်ရှိ ကျေးရွာများတွင်လည်း ဇန်နဝါရီလ၇ရက်မှစပြီး စစ်ကောင်စီနှင့် အကျိုးတူလုပ်ကိုင်နေသည့် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များမှတဆင့် ဒေသခံ တောင်သူများကို ဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းသုံးသောင်းနှုန်းဖြင့် အကြွေးစနစ်ရောင်းချနေကြောင်း ဒေသခံတောင်သူများထံကသိရသည်။

#တိုင်းစစ်ကောင်စီ #ရန်ပုံငွေ #ညောင်တုန်းမြို့နယ် #စိုက်ဘဏ်#ဒေသခံတောင်သူများ#အကြွေးစနစ်#ဓာတ်မြေဩဇာ #Ayeyarwaddy_Times