ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

မြန်မာဂန္တဝင်တေးသံရှင် မာမာအေး အသက် (၈၂) နှစ်သည် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီခန့်က အမေရိကန်ပြည်ထောင်စုရှိ နေအိမ်တွင် ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းထံက သိရသည်။

မြန်မာဂန္တဝင်တေးသံရှင်မာမာအေးကို ဖခင်နှဲဆရာ ဦးအေးနှင့် မိခင်ဒေါ်သန်းနှစ် ( အဆိုတော် မြောင်းမြသန်း) တို့က ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိသူဖြစ်သည်။

တေးသံရှင် မာမာအေးသည် ၁၉၅၅ ခုနှစ်တွင် “သက်တန့်ပေါ်မှာကစားမယ်” သီချင်းဖြင့် နိုင်ငံကျော်အဆိုတော် ဖြစ်လာကာ ရေဒီယိုတေး၊ ဓာတ်ပြားတေးစုနှင့် ရုပ်ရှင်တေးသီချင်း ပေါင်းမျာစွာသီဆိုခဲ့သူဖြစ်သည်။

တေးသံရှင် မာမာအေး၏ “မောင့်အချစ်မြှားစူး” သီချင်းသည် သူ၏အောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်ပြီး ချစ်သူ့နယ်မြေ၊ အကျည်း တန်ချစ်သူ၊ တစ်နေ့တော့မောင်ပြန်လာမည်သီချင်းများက ထင်ရှားကျော်ကြားနေဆဲဖြစ်သည်။

အဆိုတော်မာမာအေးသည် အသက် ၃ နှစ်အရွယ်ကတည်းက ခေတ်သစ် ရာဇဝင်ပြဇာတ်အဖွဲ့တွင် သီချင်းဆို၊ ပြဇာတ်ကသူဖြစ်ပြီး “လေးမာ” ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများကိုရေးသားခဲ့ပြီး သိုးကလေး မေမေလုံးချင်း ဝတ္ထုရေးသားခဲ့သူဖြစ်သည်။ ထို့ပြင် ကလောင်အမည် များစွာဖြင့် အပျော်တမ်းတူရီယာအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် မြန်မာအသံတွင် အစီအစဉ်လက်ထောက်ထုတ်လွှင့် ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ခေတ်ပေါ်တေးဂီတကောင်စီအမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်ဖြစ်သည်။

မြန်မာဂန္တဝင်တေးသံရှင်မာမာအေးသည် “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စသည့် ရုပ်ရှင်ကားများတွင်ပါဝင် သရုပ်ဆောင်ခဲ့သည်။

၁၉၇၁ ခုနှစ်တွင် တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး၊ အေး အဆိုလေ့ကျင့်ရေးကျောင်း၊ မာမာအေး တေးဂီတလုပ်ငန်းနှင့် စတူဒီယို – အေ အသံသွင်းခန်းတို့ကိုလုပ်ကိုင်ခဲ့သည်။

တေးသံရှင်မာမာအေးသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)လက်ထက် ၁၉၈၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ အခြေချ နေထိုင်ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဧရာ၀တီတိုင်းသူ #ဂန္တဝင်တေးသံရှင် #မာမာအေးကွယ်လွန် #အမေရိကန်ပြည်ထောင်စု #Ayeyarwaddy_Times