ဧရာဝတီတိုင်းမ်
(ပေါင်)၊ ဇန်နဝါရီ ၉ ရက်

စစ်ကောင်စီက ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် လူမှုထူးချွန်ဆု ပထမ အဆင့် ဆုချီးမြှင့်သူများထဲတွင် ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးစောဆန်းဝင်းကိုပါ ဆုရရှိသူစာရင်းထဲတွင် ထည့်သွင်း ဖော်ပြ ထားကြောင်း သိရသည်။

ဦးစောဆန်းဝင်းသည် ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံဟောင်း တစ်ဦးဖြစ်ပြီး ကော့ကံကျေးရွာရှိ ၎င်း၏ နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားကာ သားဖြစ်သူသည်လည်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်း ခံထားရကြောင်း သိရသည်။

“သတင်းတက်လာမှသိတာပါ။ ဘာမှတော့မသိထားဘူး။ စစ်‌ကောင်စီက ပေးတဲ့ ဟာကိုလည်း မစင်ထက်ပိုရွံတယ်။ အလကားပေးတောင်မယူပါဘူး။ သတင်းကြားတော့ အတော်လန့်သွားတယ်။ စကြားကြားချင်းမှာလည်း ဘာမှ မသိထားတာကိုး။ အခုတော့ ပေါင် ပကဖ သတင်းတာဝန်ခံ အနေနဲ့ဆက်လက်ပါဝင်နေပါတယ်။ မြို့နယ် တာဝန်ခံနေရာကိုတော့ လူငယ်တွေကိုလွှဲထားပေးလိုက်ပြီ” ဟု ဦးစောဆန်းဝင်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ယခုကဲ့သို့ တော်လှန်ရေးတက်ဖွဲ့ဝင်တစ်ဦးကို လူမှုထူးချွန်(ပထမအဆင့်) ဆုချီးမြှင့်သည့်အပေါ် စစ်လော်ဘီများမှ ဝေဖန်ပြောဆိုခဲ့ကြပြီး ယခုအခါ ဆုချီးမြှင့်မှုကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီလက်ဝေခံ မီဒီယာများထံက သိရသည်။

“ဟိုးအရင်ကာလတွေတုန်းက သူ(ဦးစောဆန်းဝင်း)က လူမှုရေးပြောမလား ကရင်စာပေတွေမှာပါခဲ့တယ်။ ပြည်နယ်အတွင်းရေးမှူး။ ညောင်နှစ်ပင်တုန်းကလည်း ညောင်နှစ်ပင်ညီလာခံကိုယ်စားလှယ်။ အဲ့ဒီအရှိန်တွေနဲ့ အပေါ်က မစိစစ်ပဲပေးလိုက်တာ။ ‌ အရင် စာရင်းတွေကိုကြည့်ပြီးတော့ အပေါ်က သူတို့ဘက်ကိုပါလာရအောင်ဆိုပြီးတော့ ပြည်သူလူထုကို ဂျင်းထည့်ပြီး ပေးလိုက်တာ” ဟု ဦးစောဆန်းဝင်းနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) ကို မြန်မာနိုင်ငံ ဒေသအသီးသီးမှ လူဦးရေ ၁၀၂၁ ဦးကို ဆုချီးမြှင့်ခဲ့ပြီး ဦးစောဆန်းဝင်းမှာ အမှတ်စဉ် ၅၉၇ တွင် ဖော်ပြခံရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပေါင်မြို့နယ်(ပ.က.ဖ) အဖွဲ့ဝင် ဦးစောဆန်းဝင်း၏ နေအိမ်ကို ၂၀၂၂ခုနှစ်၊ ဩဂုတ်၇ ရက်နေ့က ချိတ်ပိတ်ခဲ့ပြီး ဦးစောဆန်းဝင်း၏ သားဖြစ်သူ စောချစ်နှင်းဦး သည်လည်း ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ပေါင်မြို့နယ် #မွန်ပြည်နယ် #စစ်ကောင်စီ #လူမှုထူးချွန်ဆုပထမအဆင့် #ပေါင်ပကဖအဖွဲ့ဝင် #Ayeyarwaddy_Times