ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ သစ်ပုတ်တောင် ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဓည၀တီရေတပ်စခန်း ကို ရက္ခိုင့်တပ်တော် (AA) က စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ဓည၀တီရေတပ် စခန်းအတွင်းသို့ (AA) က ရှော့တိုက်ဒုံးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါ ရေတပ် စခန်းအနီးနှင့် ရမ်းဗြဲမြို့တို့တွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန် ထားသည်။

“မနေ့ မနက်ပိုင်း(ဇန်နဝါရီ ၈ ရက်နေ့) က ရေတပ်စခန်းထဲကို ကျွန်တော်တို့က ရှော့တိုက် ဒုံးနဲ့ပစ်တယ်။ ဒီနေ့သိရသလောက်ကတော့ စစ်တပ်ဘက်က သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာ ရ‌တာတွေလည်းများတယ်”ဟု AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဓည၀တီရေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရေတပ်မှ အနီးအနား တွင်ရှိသော ကပ်သပြေ၊ ရှောက်ခြုံ၊ ငလုံးစုကျေးရွာများဘက်သို့ လက်နက် ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၉ ရက်နေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ သံဇစ်မြစ်မှ စစ်ကောင်စီ၏ ရေတပ်တပ်ဖွဲ့၀င်များ ကျောက်ဖြူမြို့အတွင်း အင်အားတိုးချဲ့လာနေကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲများပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့ ရေနက်ဆိပ်ကမ်းလုပ် ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ်ကို ဖြည့်စွက်သည့် နောက်ဆက်တွဲ စာချုပ်ချုပ်‌ဆိုခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း တစ်ခုမျှမကျန်အောင် တိုက်ခိုက်ချေမှုန်းသွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန် ကြေညာထားသည်။

ဓာတ်ပုံ-Google Map

#ရခိုင် #ကျောက်ဖြူ #ဓည၀တီရေတပ်စခန်း #AAတိုက်ခိုက် #Ayeyarwaddy_Times