နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

စစ်တပ် အာဏာသိမ်းကာလ သုံးနှစ်နီးပါး ရောက်ရှိလာချိန်တွင် စစ်ကောင်စီသည် စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းများ၊ တပ်စခန်းများနှင့် မြို့ပေါင်းများစွာကို လက်လွှတ်နေရ သကဲ့သို့ ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင်များသည်လည်း တနေ့တခြား လက်နက်ချ အလင်းဝင်မှု ပိုမိုများပြားလာခဲ့သည်။

ရှမ်းမြောက်အပါအဝင် ကရင်၊ ကရင်နီ၊ ကချင်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသများတွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာ EROs နှင့် တော်လှန်ရေး အင်အားစုများက လည်း ၎င်းတို့၏ မူဝါဒများအရ ထိုသူများအား ထိန်းသိမ်းထားခြင်း၊ အရေးယူခြင်းနှင့် ပြန်လည်လွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ လက်နက်ချ စစ်ကောင်စီတပ် လက်အောက်ခံများကို ပြန်လည်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ၎င်းတို့သည် အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများ ရှိခဲ့သည်ဟုလည်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ် လျက်ရှိသည်။

ထိုကြောင့် လက်နက်ချ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြန်လည်လွှတ်ပေးခြင်းအပေါ် တပ်မတော်သား CDM အရာရှိများနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတို့၏ သဘောထားအမြင်ကို ဧရာဝတီတိုင်းမ်သတင်းဌာန အကြီးတန်းသတင်းထောက် နိုင်မင်းလွင်က မေးမြန်းစုစည်း ဖော်ပြထားပါသည်။

ဗိုလ်ကြီးဇင်ယော် (CDM ဗိုလ်ကြီး)

ကိုးကန့်တပ်မတော် (MNDAA) က သူတို့ကို ပြန်လွှတ်လိုက်တယ်ဆိုတာက သူတို့ ထောင်ချီတဲ့ စစ်သားတွေကို ထိန်းသိမ်းထားမယ် ဆိုရင်တောင်မှပဲ အင်အားအနည်းဆုံး ရာဂဏန်းသုံးရမယ်။ သူတို့(MNDAA) အင်အားကို မသုံးလိုဘူး။ ကျန်တဲ့ Operation (စစ်ဆင်ရေး)တွေ ရှိသေးတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့က ပထမပြောရပါမယ်။ ဒါကြောင့်မို့လို့ ပြန်လွှတ်ပေးလိုက်တာပေါ့နော်။

နောက်တစ်ချက်ကကျတော့ ထောင်ချီတဲ့ စစ်သားတွေက လက်နက်ချလိုက် တဲ့ အရသာကို သူတို့ ကောင်းကောင်းသိသွားတယ်။ နောက်တစ်ခါ လက်နက်တပ်ပေးပြီး တော့ တိုက်ပွဲပြန်တိုက်ရင်လည်း သူတို့က လက်နက်ချချင်စိတ်က ရှိဦးမှာပဲ။ ပြီးရင် ဒီစစ်သားတွေကို စစ်တပ်က မဖြစ်မနေ ပြန်ပြီးသုံးရမယ်ဆိုတာ MNDAA အဖို့က နားလည်တယ်။ အဲဒီတော့ ဗိုင်းရပ်(စ်) ထည့်ပေးလိုက်တာပေါ့။ သူတို့နဲ့အတူ တွဲတိုက်မယ့် စစ်သားတွေကိုပါ သူတို့(လက်နက်ချစစ်သားများ)က ဆက်ပြီးစည်းရုံးမှာပေါ့။ “လက်နက်ချလိုက် ငါကောင်တို့၊ ငါတို့တောင် လောက်ကိုင်မှာ လက်နက်ချခဲ့တာ” ဘယ်လိုဘာညာဆိုတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ သာယာမှုတွေကို ပြောလိုက်ရင် နောက်ပိုင်း စစ်တပ်ထဲက သူတွေမှန်သမျှ လက်နက်ချလာမယ်ဆိုတဲ့ နည်းဗျူဟာ ပေါ့နော်။

လက်နက်ချခဲ့တဲ့ အဓိကထိပ်ပိုင်း ဗိုလ်မှူးချုပ် ခြောက်ယောက်ကိုတော့ စစ်တပ်က လားရှိုးတပ်နယ်ထဲမှာပဲ တစ်ယောက်တစ်တပ်စီ ဆက်ပြီးချုပ်ပြီးထားတယ်ပေါ့။ အဲဒီတော့ MNDAA အနေနဲ့ ဒီစစ်သားတွေအပေါ်မှာ အမုန်းမပွားလိုဘူး၊ “ငါတို့ကတော့ အေးအေးဆေးဆေး လက်နက်ချခဲ့တဲ့ဟာကို ပြန်လွှတ်တယ်။ မင်းတို့ တပ်ထဲရောက်ကာမှ မင်းတို့ဘာသာမင်းတို့ အရေးယူခံ ရတာတော့ ငါတို့လည်း မတတ်နိုင်ဘူး၊။ အဲဒီတော့ မင်းတို့ စစ်တပ်ထဲမှာ ဆက်နေသင့်လား၊ မနေသင့်လား” ဆိုတဲ့ messages ကို တစ်ပြည်လုံးသိအောင် ရိုက်သွင်းပေးလိုက်တာလို့ ပြောချင်ပါတယ်။ ဒါ MNDAA ရဲ့ ထူးခြားပြောင် မြောက်တဲ့ ပရိယာယ်ပါ။

စစ်ပွဲတစ်ပွဲဆိုတာ မတိုက်ဘဲနဲ့ အနိုင်ရလိုက်တာ အကောင်းဆုံးဆိုတဲ့ ဆိုရိုးစကားရှိသလို ဒီနည်းနဲ့တင် လုပ်ဆောင်သွားခြင်း ဖြစ်ပါတယ်။

===========

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ပြန်လွှတ်ပေးတာတော့ သူတို့က လက်နက်ချပြီး မှားပါတယ်ခင်ဗျ ဆိုတဲ့အခါတော့ သူတို့ကိုတော့ လက်ခံရမှာပေါ့ဗျာ။ သို့သော်ငြားလည်း ဒီလိုလွှတ်ပေးတဲ့အပေါ်မှာ ရာဇဝတ်မှု ကျူးလွန်ထားတာ ရှိလို့ရှိရင် သူတို့ကို ထိန်းချုပ်ရမယ်၊ အရေးယူ ပြစ်မှုပေးမှုတွေ လုပ်ရမယ် စသည်အားဖြင့် အဲလိုကိစ္စမျိုးတွေတော့ လုပ်ရမှာပေါ့ဗျာ။ တရားဥပဒေကြောင်းအရ။ တခြားနည်းတော့ မရှိပါဘူးထင်တယ်။

===========

တပ်ကြပ်ကြီး ဇေယျ (လေတပ် CDM)

လက်နက်ချတဲ့ လူတွေကို ပြန်လွှတ်ပေးတဲ့အပေါ်မှာ သူတို့က အရပ်သားတွေကို စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ် ဘာညာပေါ့နော်။ ဒါကတော့လေ စစ်တပ်က အများစုကတော့ မကင်းဘူးပေါ့၊ သူတို့ခြေလျင်မှာ တိုက်ခိုက်ရေးတပ်က လူတွေဆို ပိုဆိုးတယ်။ အခုနောက်ပိုင်းဆိုရင် လေတပ်ကသူတွေပါ ပါလာပြီပေါ့နော်။ သူတို့တွေမှ မဟုတ်ဘူး၊ နောက်ဆုံး စစ်တပ်ကနေ ဒီဘက်ထွက်လာပြီးသား (CDM လုပ်သူတွေ) ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်က ဥပမာ- ရိုဟင်ဂျာကိစ္စတွေ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့တွေ မတရားတာ သိသိကြီးနဲ့၊ မဖြစ်သင့်တာ သိသိကြီးနဲ့ ဒါမျိုးကို နှုတ်ဆိတ်နေတယ် ဒီအဖွဲ့အစည်းထဲမှာ။ အဲဒီတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် မကင်းဘူး။

နောက်အခုချိန်မှာက အကယ်၍ သာမန်လက်နက်ချတဲ့ လူတွေကို ကျွန်တော်တို့က သုံ့ပန်းဥပဒေ၊ သဘောတူညီမှု။ လောက်ကိုင်မှာ လက်နက်ချတဲ့ ဖြစ်စဉ်ဆို သူတို့ သဘောတူညီမှုတွေ ယူပြီးလုပ်ခဲ့တဲ့ ဖြစ်စဉ်မျိုးပေါ့နော်။ ဒီလိုဟာကို လူ့အခွင့်အရေးတွေ၊ တရားဥပဒေ ရှုထောင့်ကနေ သွားကြည့်ပြီးတော့ မင်းတို့ထဲမှာ စစ်ရာဇဝတ်မှု ရှိတဲ့သူတွေကို ပြန်မလွှတ်ပေးဘူး၊ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုး သွားလုပ်လိုက်မယ်ဆိုရင် စစ်ရေးရှုထောင့်ဘက်က အမြင်ဘက်ကဆိုရင် လက်တလောမှာ စစ်ရေးကိစ္စတွေ ထိခိုက်သွားမယ်။

တရားမျှတမှုအတွက် စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ကိစ္စက ဒီအချိန်မှာ မှတ်တမ်းတင်ထားရမယ်။ ဒေတာတွေ စုထားရမယ်။ ဒါပေမယ့် အရေးယူဖို့ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်ကတော့မြင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အခု အချိန်မှာ အဲဒီကိစ္စကို အရေးယူဖို့ လောလိုက်လို့ရှိရင် ရန်သူကို ချောင်ပိတ်ပြီးတော့ ရိုက်သလိုမျိုး၊ ခွေးကို ချောင်ပိတ်ရိုက်သလိုဗျာ။ အဲဒီလိုပုံစံ ဖြစ်သွားပြီးတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ ပိုပြီး ကြာသွားနိုင်တယ်။

နောက်ပြီး ကျွန်တော်တို့ဘက်က PDF ရဲဘော်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ရဲဘော်တွေက ဒီလိုမျိုးလုပ်လို့ရှိရင် မလိုအပ်ဘဲနဲ့ ပေးဆပ်မှုတွေ၊ ဆုံးရှုံးမှုတွေ ပိုပြီးတော့ များသွားနိုင်တယ်ပေါ့နော်။ ရန်သူကို ချောင်ပိတ်ရိုက်သလို ဖြစ်မှာကိုး။ ဒါကြောင့်မို့လို့ လက်ရှိစစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေကို အရေးယူဖို့ကိစ္စနဲ့ စစ်ဆင်ရေးမှာ လက်နက်ချတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တွဲပြီးတော့ လုပ်လို့မရ သေးဘူးလို့ ကျွန်တော်ကတော့ မြင်တယ်ပေါ့နော်။ အဲဒီလို လုပ်လိုက်ရင် ဒီစစ်ဆင်ရေးမှာ၊ တော်လှန်ရေးရဲ့ စစ်ရေးကိစ္စတွေမှာ နှောက်နှေးသွားနိုင်တဲ့ ပြဿနာတွေရှိတယ်။

============

ဒေါက်တာလှကျော်ဇော (တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ)

ကျွန်မကြားတာက သူတို့ လက်နက်မချခင် အပြန်အလှန်ညှိနှိုင်း သဘောတူညီချက်ရပြီးမှ လက်နက်ချတာဆိုတော့ အဲဒီသဘောတူညီချက် ညှိနှိုင်းရာမှာ ဘာတွေညှိနှိုင်းလဲမှ မသိတာဗျ။ အဲဒီတော့ လက်နက်ချပြီးလို့ရှိရင်တော့ သူရဲ့စည်းကမ်းအတိုင်းပဲ လုပ်ရမှာပဲလေ။ ဒါတော့ မတတ်နိုင်ဘူး။ ပြန်လွှတ်ပေးတာလည်း မလွှတ်ပေးရင် ဒီ ၄၀၀၀ လောက်ကြီးကို ကိုယ်က ကျွေးထားရမှာ ဖြစ်တာကိုး၊ အဲဒီတော့ ပြန်လွှတ်ပေး။

တချို့ပြော တာတော့ နောင်စစ်ပွဲတွေမှာ စစ်တပ်ကနေလည်း ထွက်ပါ့မယ် ဘာမယ် Sign (လက်မှတ်)တွေဘာတွေ ထိုးတယ်လို့ ပြောတာပဲ။ သတင်းတွေက အတိအကျမသိဘူးဗျ။ ဒါပေမယ့် ယေဘုယျကတော့ လက်နက်ချပြီးရင်တော့ ကျွန်မတို့က အရေးယူတာ တို့ဘာတို့ လုပ်လို့မရဘူး။ နောက်တစ်ခုက သူတို့က အပြန်အလှန် ညှိနှိုင်းပြီးတော့ လက်နက်ချတာဆိုတော့ ဘာတွေညှိနှိုင်းထားမှန်း မသိဘူးလေ။ ဒီဘက်ကလည်း မတိုက်ရရင် ပြီးရောပေါ့။ မထိခိုက်၊ မနစ်နာကြရင် ပြီးတာပဲဆိုပြီးတော့ အဲဒီလို လုပ်ကြတယ်ထင်တယ်။ ကျွန်မတို့ အခြေအနေမှ သေချာမသိတာ၊ သူတို့လည်း ဘာမှမပြောတာ။ မသိဘဲနဲ့ ရမ်းပြီးတော့ မှတ်ချက်ပေးလို့ မကောင်းဘူးထင်တယ်။

#လက်နက်ချ #စစ်ကောင်စီလက်အောက်ခံတပ် #ဘယ်လိုဆောင်ရွက်သင့်သလဲ #Voxpop #သဘောထားအမြင် #Ayeyarwaddy_Times