
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ကာ ခံစစ်ပြင်နေပြီး အရပ်သားပြည်သူများကိုပါ ပြည်သူ့စစ်ဖွဲ့ရန်အတွက် တပ်သားအဖြစ် စုဆောင်းနေကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်တက္ကသိုလ်နှင့် တပ်မိသားစု၀င် အများဆုံးတည်ရှိရာ ပြင်ဦးလွင် မြို့အနီးတွင် တိုက်ပွဲ ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက ပြင်ဦးလွင်မြို့နယ်တွင် အင်အားတိုးချဲ့၍ ခံစစ်ပြင်နေပြီး မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကို လူအင်အား စုဆောင်းထားရန် ညွှန်ကြားထားကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ငါး ယောက်ရှာပေးရမည် ဖြစ်ပြီး လူတစ်ဦးချင်းစီကို လက်နက်များတပ်ဆင်ပေးမည်ဖြစ်ကာ တိုက်ပွဲဖြစ်ပွား လာပါက စစ်ကောင်စီဘက်မှ ကူတိုက်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး တစ်ရပ် ကွက်ကို လူ ငါး ယောက်စုပေးရမယ်။ အဲဒီလူတွေကို သေနတ်အတို၊ အရှည်နှစ်လက်စီထောက်ပံ့ပေးမယ် ပြောတယ်။ လူမရှာနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်မယ်လို့ပါ ပြောသွားတယ်”ဟု ပြင်ဦးလွင်မြို့ရှိ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က အသိမ်းခံခဲ့ရသည့် စစ်ကောင်စီ၏ သံဘိုရွာစခန်းနှင့် ယခုလက်ရှိတိုက်ပွဲ ဖြစ်ပွားနေသည့် ကျောက်မဲလေးကျေးရွာစခန်း တိုက်ပွဲများကြောင့် စစ်ကောင်စီက ၎င်းတို့စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်တွင် ယခုကဲ့သို့ အင်အားတိုးချဲ့ကာ ခံစစ်ပြင်လာခြင်းဖြစ်သည်။
စစ်ကောင်စီက ပြင်ဦးလွင်မြို့မကျစေရေးအတွက် စစ်ရေးပြင်ဆင်နေသည့် အပြင် ဒေသခံများကိုပါ ရှေ့တန်းသို့စေလွှတ်ရန် စုဆောင်းနေသည့် အတွက် ဒေသခံပြည်သူအချို့နှင့် တပ်မိသားစုများ စစ်ရှောင်ရန် ပြင်ဦးလွင်မှ စတင်ပြောင်းရွှေ့ နေကြောင်း သိရသည်။
လက်ရှိတွင် ပြင်ဦးလွင်နှင့် နောင်ချိုကြားရှိ ကျောက်မဲ လေးကျေးရွာတွင် မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်နေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ- စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်မှ ဦးဝါသ၀ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့၀င်များ (ပုံဟောင်း)
#မန္တလေး #ပြင်ဦးလွင် #စစ်ကောင်စီခံစစ်ပြင် #ဒေသခံပြည်သူ #ပြည်သူ့စစ်ဖွဲ့ #တပ်သားစုဆောင်း #ကျောက်မဲလေးရွာ #တိုက်ပွဲပြင်းထန် #ညီနောင်မဟာမိတ် #Ayeyarwaddy_Times