
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ဧရာ၀တီတိုင်း၊မော်လမြိုင်ကျွန်းမြို့ ရာဇူးဒိုင်ချောင်း အမှတ်၂တံတားတွင် ဆိုက်ကပ်ထားသော ခရီးသည်တင် စက်လှေတစ်စီး ဇန်နဝါရီလ၈ရက်နေ့ ညနေ ၅နာရီ ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။
မော်လမြိုင်ကျွန်းမြို့မှ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာသို့ ခရီးသည်တင်ပြေးဆွဲသည့် မင်းလက်ယာ အမည်ရှိ စက်လှေ တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီသတ်နှင့် ကျေးရွာလူထုများက တစ်နာရီကြာအောင် ငြိမ်းသတ်ခဲ့ရကြောင်းသိရှိရသည်။
” အင်ဂျင်စက်ခန်းက စလောင်တယ်လို့ပြောတယ် ကံကောင်းလို့ ခရီးသည်တွေရှိမနေဘူး။ ဆီကြောင့်လောင်တဲ့မီးဆိုတော့ မီးသတ်က အမြုပ်တွေနဲ့ပက်မှ ငြိမ်းတယ်။လူအထိအခိုက်တော့မရှိဘူး တစ်မြို့လုံးတော့လန့်ကုန်ကြတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စက်လှေအင်ဂျင်ကို စက်နိုးထားစဉ် ရေယာဉ်မောင်းသူက ဆီပေပါမှ အင်ဂျင်စက်အတွင်းသို့ ပိုက်ဖြင့်သွယ်၍ ဆီဖြည့်ရာ ဆီများအင်ဂျင်စက်ပေါ်သို့ ဖိတ်စင်ကျရာမှ မီးစတင်လောင်ကျွမ်းရကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင် မင်းလက်ယာစက်လှေမှ မောင်းနှင်သူ အောင်ဆန်းဦး (ခ) သံချောင်းကို မော်လမြိုင်ကျွန်းမြို့ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဖမ်းဆီးထားကြောင်းသိရှိရသည်။
#မော်လမြိုင်ကျွန်းမြို့ #ခရီးသည်တင်စက်လှေ #မီးလောင် #Ayeyarwaddy_Times