ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် တပ်မိသားစုဝင်များ မြို့ကို စွန့်ခွာထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်များက ခံစစ်ပုံစံပြင်ဆင်နေကြောင်း ဒေသခံများထံကသိရှိရသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် တပ်မိသားစုဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ကျောက်မဲမြို့မှ စွန့်ခွာထွက်ပြေးပြီးနောက်ပိုင်း ယခုကဲ့သို့ ကျောက်မဲမြို့၏ အချက်အခြာ ကျသည့် နေရာများတွင် အရပ်ဝတ်များဖြင့် ခံစစ်ပုံစံ ပြင်ဆင်လာကြကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ထိပ်ပိုင်း ခေါင်းဆောင်များက ကျောက်မဲမြို့တွင် တိုက်ပွဲနယ်မြေ ဖြစ်တော့မည်ဟုပြောဆို
ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ Non CDM များမှ မြို့ကိုစွန်ခွာထွက်ပြေးသည့်အပြင် ကျောက်မဲမြို့အတွင်းသို့ မဟာမိတ်တပ်ဖွဲ့များ ရောက်လာမည်ဟု သတင်းများ ထွက်ပေါ် နေသည့်အတွက် မြို့အတွင်းမှ တပ်မိသားစု၀င်များလည်း ကျောက်မဲမြို့ကို စွန့်ခွာထွက်ပြေးကြခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

“ဌာနတွေအားလုံးနီးပါးနဲ့ တပ်မိသားစုဝင်တွေ အတော်များများကတော့ ပြေးကုန်ကြပြီ။ အဲ့လိုပြေးကုန်ကြတဲ့နောက် မြို့ရဲ့အချက်အခြာကျတဲ့ လမ်းဆုံလမ်းခွနဲ့ အခြားနေရာတွေမှာ စစ်တပ်က ခံစစ်ပြင်ဆင်နေကြတာ၊ အများစုက အရပ်ဝတ်တွေနဲ့များတယ်၊ ကင်းပုန်းတွေလည်းရှိတယ် အရပ်ဝတ်တွေနဲ့ပဲ သာမာန်ပြည်သူတွေ ကတော့ သူတို့စစ်သားဆိုတာ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး” ဟု ကျောက်မဲမြို့ စစ်ကောင်စီတပ်နှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ကျောက်မဲမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် မိုင်းငေါ့လမ်းဘေးရှိ ခမရ-၅၀၁ သို့ အချုပ်သားများကိုပါ ခေါ်ဆောင်၍ ပြောင်းရွှေ့ သွားပြီး ဌာနဆိုင်ရာ ဆိုင်းဘုတ်အများစုကို ဆေးအမည်းများ သုတ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး”တွင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ပန်လုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များကို မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ သိမ်းပိုက်ထားသည်။

ထို့ပြင် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားပြီး လွိုင်ကော် ၊ထီးချိုင့် ၊ ပလက်ဝ၊ ကျောက်တော် ၊ပေါက်တော ၊ ကွတ်ခိုင် ၊ မူဆယ် စသည့်မြို့များတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းမ်

ပုံစာ-နိုဝင်ဘာလက စစ်ကောင်စီတပ်သားများ
ကျောက်မဲမြို့ အောင်ဆန်းလမ်းမကြီးအနီး ကင်းလှည့်နေစဥ်(ပုံဟောင်း)

#ကျောက်မဲ #စစ်ကောင်စီ #NonCDM #ဝန်ထမ်း #တပ်မိသားစုဝင်များ #ကျောက်မဲမြို့ #စွန့်ခွာထွက်ပြေး #စစ်ကောင်စီ #ခံစစ်ပြင်ဆင်နေ
#Ayeyarwaddy_Times