
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
ပြည်တွင်းအခေါက်ရွှေဈေးနှုန်းသည် ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းဈေးဖွင့်ချိန်ကတည်းက အချိန်နှင့် အမျှ တရိပ်ရိပ်မြင့်တက်လာနေပြီး ယနေ့တစ်ရက်အတွင်း ကျပ် ၃၇သိန်းငါးသောင်း(၃,၇၅၀,၀၀၀) ကျော် အထိရှိလာကြောင်း ရွှေဆိုင်များထံက စုံစမ်းသိရသည်။
ပြည်တွင်း အခေါက်ရွှေဈေးနှုန်းသည် ယနေ့နံနက်ပိုင်း ဈေးဖွင့်ချိန်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းနှစ်သောင်းရှိရာမှ ညနေဈေးပိတ်တွင် ကျပ် ၃၇ သိန်းငါးသောင်းငါးထောင်ရှိလာသဖြင့် တစ်ရက်အတွင်း ကျပ်သုံးသောင်းခွဲကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ဈေးအဖွင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၃,၇၂၀,၀၀၀ သိန်း ၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ကျပ် ၃,၇၂၅,၀၀၀ သိန်း၊ ၁ နာရီတွင် ကျပ် ၃,၇၃၃,၀၀၀ သိန်း၊ ၂ နာရီတွင် ကျပ် ၃,၇၄၀,၀၀၀ ကျပ် ၊ ၂ နာရီကျော်တွင် ကျပ် ၃,၇၄၅,၀၀၀ သိန်းဖြင့် အချိန်နှင့်အမျှ စျေးနှုန်း အပြောင်း အလဲဖြစ်ကာ ဈေးမြင့်တက်လာခြင်းဖြစ်သည်။
“ ရွှေဈေးဘာလို့တက်လဲတော့မသိဘူး။ အချိန်နဲ့အမျှတက်နေတာ အခုပြောတဲ့ဈေးနဲ့ နည်းနည်းကြာသွားရင်တော့ ဈေးတူမှာမဟုတ်တော့ဘူး။ ဆိုင်လာမှပဲ ဈေးက အတည်ဖြစ်မှာ” ဟု ပြည်တွင်းနာမည်ကြီး ရွှေဆိုင်တစ်ခုထံက မေးမြန်းသိရသည်။
၂၀၂၄ ခုနှစ်နှစ်စ ဇန်နဝါရီ ၁ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်း တစ်သောင်း ရှိရာမှ တစ်ပတ်အတွင်းကျပ် ငါးသောင်းကျော်ဈေးမြင့် တက်လာခြင်းဖြစ်သည်။
ယခင်ကဒေါ်လာငွေလဲနှုန်းမြင့်တက်လျှင် ပြည်တွင်းဈေးနှုန်းပါ လိုက်ပါမြင့်တက်လေ့ ရှိသော်လည်း ယခုရက်ပိုင်းတွင် ဒေါ်လာဈေးကျနေပြီး ရွှေဈေးမြင့်တက်နေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေဈေးနှုန်းသတ်မှတ်ချက်တွင်မူ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၆ သိန်း ခြောက်သောင်းက အပိတ်ဈေးဖြစ်ကြောင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျပ် နှစ်သောင်းတန်ထွက်မည်ဟု သတင်းထွက်ပြီး နောက်ပိုင်းတွင် ဒေါ်လာဈေးနှင့် ရွှေဈေးများမြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၃၈ သိန်းကျော်ထိဈေး မြင့်တက်ခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရွှေဈေးတက် #အကယ်ဒမီအခေါက်ရွှေ #ကျပ်၃၇သိန်းငါးသောင်းကျော် #Ayeyarwaddy_Times