
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှ စစ်ကောင်စီတပ် အရာရှိများ ကိုးကန့် တပ်မတော်(MNDAA)ထံ လက်နက်ချအညံ့ခံ၍ ပြန်လည်ရောက်ရှိလာမှုနှင့် ပတ်သက်၍ တပ်တွင်းဆူပူ ဂယက်ရိုက်မှုများ ဖြစ်ပေါ်လာသည့်အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းဖုံးဖိ ဖြန်ဖြေနေရကြောင်း သိရသည်။
လက်နက်ချလာသည့် အရာရှိစစ်သည်များကို အရေး ယူမှု၊ မယူမှုနှင့်ပတ်သက်ပြီး တပ်တွင်းစည်းလုံးမှုပြို ကွဲခြင်းများဖြစ်နေ၍ စစ်ခေါင်းဆောင်က အရာရှိစစ်သည်များကြား ညှိနှိုင်းပေးနေရသည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီသည် မဟာမိတ်အဖွဲ့ထံ လက်နက်ချခဲ့သည့် အရာရှိစစ်သည်များကို လားရှိုးမြို့သို့ ပြန်လည်ခေါ်ယူထားပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရ သည်။
“လက်နက်ချတဲ့ ဗိုလ်ကြီးတွေကို တပ်အသိုင်းအဝိုင်းရှိ တချို့က အရေးယူစေချင်ပြီး တချို့ကတော့ အထက် ကိုညှိနှိုင်းပြီး လက်နက်ချတာဖြစ်လို့ အရေးမယူစေချင်ဘူးဆိုပြီး ကွဲနေတယ်။ အဲဒါကိုစစ်ခေါင်းဆောင်က ခေါ်ညှိနေတယ်” ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တပ်တွင်းဆူပူမှုများကို ထိန်းချုပ်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်အလိုက် အရာရှိများကို ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ခေါ်ယူညှိနှိုင်းဖြန်ဖြေခဲ့ရကြောင်း သိရသည်။
“တပ်မိသားစုနဲ့ တပ်ပြုန်းတီးမှု မဖြစ်စေဖို့ အခုလို လက်နက်ချဖို့ စီစဉ်ခဲ့တာဖြစ်ပြီး ခေါင်းဆောင်ပိုင်းက ကောင်းဖို့လုပ်တာကို အထင်မမှားစေဖို့ ဆိုင်ရာတိုင်းမှူးတွေကို စစ်ခေါင်းဆောင်က ခေါ်ပြောခဲ့တယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်က ထိုသို့ပြောဆိုခြင်းသည် နိုင်ငံရေးပါတီခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံသည့်အခမ်း အနားအပြီးတွင် ဆိုင်ရာစစ်တိုင်းမှူးများကို ခေါ်၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ချခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး(စကခ)မှူး၊ တပ်မမှူးများအနေဖြင့် လက်နက်ချရန် ၎င်းတို့အချင်းချင်း ဆွေးနွေးညှိနှိုင်းမှု များရှိသလို ဆိုင်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) ကို တင်ပြမှုများရှိခဲ့သည့်အတွက် အရေးယူမည်ဆိုပါက တပ်တွင်းဂယက်ရိုက်မှုမှာ ပိုမို ဆိုးရွားနိုင်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
“မနေ့ကအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တပ်အတွင်း မှာ အတော်ဂယက်ရိုက်နေတယ်။ လုပ်လည်းလုပ်ရသေးတယ်။ အရေးယူလည်းခံရသေးတယ်ဆိုပြီး ပြောတဲ့တစ်ဖွဲ့နဲ့၊ ဒကစ တစ်ခုလုံးလက်နက်ချတာတောင် ဒီလောက်ပြအရေးယူခံရသလားဆိုပြီး ပြောတဲ့ တစ်ဖွဲ့နဲ့ တပ်တွင်းဆူပူမှုဖြစ်နေတယ်” ဟု၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်အရာရှိကြီးများကို လားရှိုးတပ် နယ်ထဲတွင် တစ်နေရာစီခွဲ၍ ထားကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး စစ်ခေါင်းဆောင်က လက်နက်ချသည့် အထဲတွင်ပါ၀င်သော တပ်မမှူးနှင့် စစ်တိုင်းမှူးများကို ယမန်နေ့ ဇန်နဝါရီ ၈ ရက်နေ့က အရန်အင်အားသို့ ပို့ဆောင်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့သည်။
ပုံစာ- လောက်ကိုင်ဒကစတွင် စစ်ကောင်စီတပ် အရာရှိများ MNDAA ထံ လက်နက်ချခဲ့သည့် မြင်ကွင်း
#လောက်ကိုင်လက်နက်ချ #စစ်ကောင်စီတပ်အရာရှိများ #ပြန်လည်ခေါ်ယူ #တပ်တွင်းဆူပူ #စစ်ခေါင်းဆောင် #ညှိနှိုင်းဖြန်ဖြေနေရ #Ayeyarwaddy_Times