
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၉ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကြေးနီ စီမံကိန်တွင် လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ကို ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တပ်ဖွဲ့နှင့် SALINGYIGZ , Brother Army , မုံရွာခရိုင်တပ်ရင်း ( ၂၅ )တပ်ခွဲ -၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
ထို့သို့ လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၆ ရက်နေ့က ၎င်းတို့ ကင်းစောင့်နေချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“ဒေသခံပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ။ ကျေးရွာက ပြည်သူတွေအပေါ် ခြိမ်းခြောက် ငွေကြေးကောက်ခံတာတွေ၊ ခရီးသွားတွေကိုအနိုင်ကျင့် ဗိုလ်ကျငွေတောင်းတာတွေ လုပ်ဆောင်နေလို့ သွားရောက်တိုက်ခိုက်ခဲ့တာ” ဟု BLDF တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သည် တရုတ်ဝမ်ပေါင်ကြေးနီ တူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီ တွင် လုံခြုံရေး တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သော်လည်း ကျေးရွာများကို ကင်းပတ် လှည့်လည်၍ ဒေသခံများ၏ နေအိမ်များကိုပါ မီးရှိုဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါတော်လှန်ရေး တပ်ဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။
BLDFတွင် အမျိုးသမီးသူနာပြု တပ်ဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထားပြီး စစ်ရေးလုပ်ဆောင်မှုများအပြင် ဒေသအတွင်းနေထိုင်သည့် ဒေသခံ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပါ စဥ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ပုံစာ- လုံခြုံရေး ယူနေသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်စဉ်၊ အမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဆေးကုသပေးနေစဉ်
#တရုတ်ဝမ်ပေါင်ကြေးနီစီမံကိမ်း #စစ်ကောင်စီတပ် #တော်လှန်ရေးတပ်ဖွဲ့၂ဖွဲ့ #ပူးပေါင်းတိုက်ခိုက် #Ayeyarwaddy_Times