
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ရက်
ရှမ်းမြောက်၊ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက်ပြီး မြို့များကိုအလုံးစုံထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း MNDAA ၊ TNLA ၊ AA ညီနောင် မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
သိန္နီမြို့၏ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၁၆နှင့် ကွတ်ခိုင်မြို့ရှိ ဗျူဟာစခန်းတို့ကို ယမန်နေ့ ဇန်နဝါရီလ ၇ရက်နေ့က မဟာမိတ်အဖွဲ့မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့များကိုအလုံးစုံ ထိန်းချုပ် သွားနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သိန္နီမှာက ခလရ ၆၉နဲ့ စကခ-၁၆ ကျန်နေတာ။ ကျန်ခဲ့တဲ့ရက်က ခလရ-၆၉ကို မဟာမိတ်အဖွဲ့တွေ တက်သိမ်းကတည်းက စကခ-၁၆က လှုပ်နေပြီ။ တပ်နှစ်တပ်က ခြံစည်းရိုးပဲခြားတာ။ စကခ-၁၆က တပ်သားတွေ စခန်းစွန့်ပြီးပြေးကုန်တာ။ ကျန်တဲ့သူတွေလည်း လက်နက်ချကုန်ကြတယ်” ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
သိန္နီမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက မဟာမိတ်အဖွဲ့များက သိမ်းပိုက် ထားခဲ့ပြီးဖြစ်သော်လည်း မြို့အတွင်း စစ်ကောင်စီ၏ ခလရ-၆၉နှင့် စကခ-၁၆ တပ်စခန်းကျန်ရှိနေပြီး သိန္နီမြို့အတွင်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း လေကြောင်းအကူအညီဖြင့် ဗုံးကြဲခြင်းများကိုပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ရက်နေ့က စစ်ကောင်စီ၏ ခလရ-၆၉ ကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေသည့် စကခ-၁၆ ထဲသို့ စစ်ကောင်စီက လေကြောင်းမှတဆင့် လက်နက်ခဲယမ်းများနှင့် တပ်မ(၅၅)၊ တပ်မ (၈၈)၊ တပ်မ (၉၉) မှစစ်ကောင်စီတပ်သားများကို စစ်ကူပေးပို့ခဲ့သည်။
ထို့ပြင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၍ နောက်ဆုံး ကျန်ရှိနေသည့် စစ်စခန်းကို အပြင်း အထန်ကာကွယ်ခဲ့သော်လည်း ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်သားများစခန်းကို စွန့်ခွာထွက်ပြေးသွားသည့်အတွက် မဟာမိတ်အဖွဲ့များအနေဖြင့် စခန်းသိမ်းနိုင်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့် မဟာမိတ်အဖွဲ့များသည် ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် သိန္နီမြို့ကို ထိန်းချုပ်နိုင်သလို ကွတ်ခိုင်မြို့ကိုလည်း ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“ကွတ်ခိုင်ဗျူဟာက လက်နက်ချတဲ့သူတွေကိုတော့ သွားချင်တဲ့နေရာတွေ ပို့ပေးနေတယ်။ နယ်မြေရှင်းလင်းရေးလည်း လုပ်နေတာဆိုတော့ အတိအကျကိုတော့ ပြန်ကြားရေးကပဲ သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု တအာင်းတပ်မတော် (TNLA) စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲများ၏ အခြေအနေများကိုမူ နောက်ဆက်တွဲကြေညာသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PSLF/TNLA (ပုံဟောင်း)
#သိန္နီကွတ်ခိုင်မြို့ကိုထိန်းချုပ် #မဟာမိတ်အဖွဲ့စခန်းသိမ်း #စစ်ကောင်စီတပ်လက်နက်ချ #စခန်းစွန့်ခွာပြေး #Ayeyarwaddy_Times