ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇန်နဝါရီ ၈ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ ၇ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို သာယာဝတီခရိုင်၊ တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၄ (မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူကာ မြောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကို ဦးဆောင်ပြုလုပ်သည့် လောင်းကစားဝိုင်းကို သေနတ်ဖြင့် ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ကျော်ကိုကို၊ ပျူစောထီးအဖွဲ့ဝင် သုံး ဦး၊ စစ်‌ကောင်စီတပ်သား တစ်ဦး စုစုပေါင်း ငါး ဦးသေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်များမှာ ထွက်ပြေးသွားကြောင်း သိရသည်။

” ဒီလောင်းကစားဝိုင်းက အရပ်သားပြည်သူမပါဘူး။ အုပ်ချုပ်ရေးမှူးကလုပ်တဲ့ သူတို့ အချင်းချင်း VIP ဝိုင်းလိုမျိုးလုပ်တာ။ စစ်ကောင်စီတပ်ဖွဲ့တွေလည်းရှိတယ်။ သူတို့က အရပ်ဝတ်တွေနဲ့နေနေတာ။ သေနတ်တွေသိမ်းရပေမဲ့လည်း လက်လုပ်တွေပဲ။ တိမ်မြုပ် ခမရ-၆ နဲ့က ၁၅ မိနစ်စာလောက်ပဲဝေးတာ။ သူတို့စစ်ကူမလာနိုင်ဘူး” ဟု မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ခွဲမှူး ရဲဘော်ဒေဝ က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လောင်းကစားဝိုင်းကို ဝင်ကောက်စီးနင်းမှုတွင် ‌သေနတ် နှစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ဖုန်း သုံးလုံး၊ စစ်တပ်မှပြုလုပ်ခွင့်ပေးထားသည့် လောင်းကစား လုပ်ကိုင်ခွင့်လက်မှတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နယ်ပြောင်းစာရွက်၊ စစ်ဝတ်စုံများ၊ ငွေသားနှင့် ရွှေထည် ပစ္စည်းများ အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုသည် တပ်ထောက်ခံပွဲများကို ဦးဆောင်ပြုလုပ်ခြင်း၊ စိုက်ပျိုးရေးချေးငွေများကို ဒေသခံများထံခြိမ်းခြောက်တောင်းခံခြင်းများ ဦးဆောင် ပြုလုပ် သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များကို စုံစမ်းထောင်လှမ်းကာ စစ်ကောင်စီထံ သတင်းပေးနေသည့် ရေတာ နှင့် ကျေးပင်အင် ကျေးရွာ နှစ်ရွာကို အုပ်ချုပ်ရသည့် အုပ်ချုပ်ရေးမှူးဦးသန်းနိုင်နှင့် ဇနီးကို တော်လှန်ရေးတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မြေအောက် ပြောက်ကျား တပ်ဖွဲ့-အုတ်ဖိုထံက သိရသည်။

ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #အုပ်ချုပ်ရေးမှူး #လောင်းကစားဝိုင်း #စစ်ကောင်စီတပ်သားသေဆုံး #လက်နက်သိမ်းဆည်းရမိ #PDF #Ayeyarwaddy_Times