နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် တာဝန်ကျသည့် စစ်ကောင်စီတပ်တာဝန်ရှိသူများက မပြောင်းရွှေ့ရရေးအတွက် မြို့ကိုမတည်ငြိမ်သည့် ပုံစံဖန်တီးမှုများ တစိုက်မက်မက် လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

မအူပင်မြို့သည် အေးချမ်းသာယာမှုရှိသော်လည်း အသံဗုံးပေါက်ခြင်း၊ ညအချိန်မတော် သေနက်ပစ်ဖောက်ခြင်းများကို စစ်ကောင်စီတပ်က မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

“ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ မအူပင်လောက် အေးချမ်းတာရှိဦးမလားဗျာ။ အားကစားပြိုင်ပွဲ၊ အလှူအတန်း၊ ဈေးရောင်းပွဲတွေနဲ့ အေးချမ်းစည်ကားတဲ့မြို့လေ။ အဲ့ဒါကိုမသိရင် သူပုန်တွေဝင်စီးနေသလို ဗုံးကွဲရတာနဲ့ သေနတ်တွေပစ်ခတ်ရတာနဲ့ မငြိမ်ချမ်းတဲ့ပုံစံ လုပ်ပြနေတာ” ဟု မအူပင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မအူပင်မြို့ ဗိုလ်ချုပ် ကျောက်တိုင်ကွင်းတွင် PDF များက အလံဖြူထောင်ရန် စာတန်းချိတ်ဆွဲခဲ့သည်ဟု သတင်းလွှင့်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့ကလည်း (KISS ME) စားသောက်ဆိုင်ရှေ့တွင် အသံဗုံးပေါက်သည်ဟုပြောကြားကာ မအူပင်တံတားဘက်မှ သေနတ်များ ဖောက်ပြခဲ့ ကြောင်းသိရသည်။

“ အဲဒါတွေအားလုံးကို စစ်တပ်ကပဲလုပ်နေတာ။ မအူပင်မှာ မတည်မငြိမ်ဖြစ်တယ် အကြောင်းပြပြီး ဘယ်ကိုမှ မပြောင်းရွှေရသလို ရှေ့တန်းစစ်မြေပြင်လည်း မထွက်ရ ဘူးပေါ့ဗျာ။ အရင်လို တပ်ရင်းတစ်ရင်းနဲ့ တစ်ရင်း အချိန်းအပြောင်းလုပ်ဖို့ ဆိုတာ ကလည်း စစ်ကောင်စီတပ်က အင်အား ထင်သလောက်မရှိတော့ဘူးလေ။ ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ စစ်တပ်တွေကလည်း တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေကို အပို့ခံထားရတော့ မအူပင်မှာ ကြာကြာနေရဖို့ အလုပ်သက်သက်ပြနေတာ” ဟု မအူပင်မြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မအူပင်မြို့တွင် လက်ရှိ တာဝန်ကျနေသည့် စစ်ကောင်စီတပ်က G1 အဆင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်လွင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ကတည်းက ယနေ့ချိန်အထိ မအူပင်တွင်ပင် တာဝန်ချထားခြင်း ခံရသူဖြစ်ကြောင်း သိရသည်။

ဒုတိယဗိုလ်မှူးကြီးနိုင်လွင်သည် မအူပင်မြို့ရှိ ဒေသခံများကို ဖမ်းဆီး၍ ငွေကြေး အမြောက်အများတောင်းယူခြင်း၊ လောင်းကစားဒိုင်ကြီးများထံက လိုင်းကြေး တောင်းယူ ခြင်းဖြင့် ကြီးပွားချမ်းသာနေသူဖြစ်ပြီး မပြောင်းရွှေ့ရရေးအတွက် မြို့ကို မတည်ငြိမ်သေးသည့် ပုံစံဖန်တီးယူနေခြင်းဖြစ်ကြောင်း သိရသည်။

“သူ(ဒုဗိုလ်မှူးကြီးနိုင်လွင်)က မအူပင်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ၊ ရေသန့် စက်ရုံတွေမှာ သူ့နာမည်နဲ့မဟုတ်ဘဲ မြို့ခံနာမည်တွေသုံးပြီး ကြီးပွား ချမ်းသာ နေတာ။ မအူပင်မြို့က မပြောင်းရွှေရရေးအတွက် နည်းပေါင်းစုံနဲ့လုပ်ဆောင်နေတာ” ဟု ၎င်းနှင့် နီးစပ်သူက ဆိုသည်။

#မအူပင်မြို့ #စစ်ကောင်စီတပ် #မပြောင်းရွှေ့ရရေး #အသံဗုံးဖောက် #သေနတ်ပစ်ဖောက်မှုများလုပ်ဆောင် #Ayeyarwaddy_Times