
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီ အိမ်ရာတွင် ဆောင်းခိုငှက်ဟိမ၀န္တာ လင်းတအကောင် ၅၀ ခန့် အုပ်လိုက်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက အုပ်စုလိုက်ရောက်ရှိလာခဲ့ပြီး အိမ်ရာ၀င်းအတွင်း၌ ခေတ္တနားခို၍ ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် ပြန်လည် ပျံသန်းသွားကြကြောင်း ဒေသခံများ၏ပြောပြချက် အရ သိရသည်။
“အိမ်ရာကလူတွေနဲ့ အနီးရပ်ကွက်ကလူတွေ ဝိုင်းမောင်း၊ ဝိုင်းရိုက်နဲ့ သုံး ကောင်လောက် သေသွားတယ်။ ကျန်တဲ့ အကောင်တွေကတော့ ပျံသွားကြတယ်။ အရွယ် အစားတွေက အတော်ကြီးတယ်”ဟု ဒဂုံဆိပ်ကမ်း မြို့နယ်နေ ပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြော သည်။
ယင်းသို့ လင်းတငှက်များရောက်ရှိလာမှုနှင့် ပတ်သက်၍ တိုင်းပြည် အပြောင်းအလဲဖြစ် လာနိုင်သည်ဟု ခန့်မှန်းနေကြပြီး၊ ခေါင်းဆောင်ပိုင်း အချို့ အပြောင်းအလဲရှိလာမည်ဟု သုံးသပ်ပြော ဆိုမှုများရှိနေသည်။
“အဲ့ဒီလို လင်းတတွေရောက်လာပြီဆိုရင် အပြောင်း အလဲဖြစ်တာများတယ်။ လင်းတ နားပြီးမကြာဘူး။ ပြောင်းရွှေ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။ အပြင်မှာလာနားတာ မပြောနဲ့ အိပ်မက်ထဲမှာ လင်းတနားတယ်လို့ မက်ရင်တောင် နိမိတ်မကောင်းဘူး”ဟု အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းလင်းတငှက်များနှင့်ပတ်သက်ပြီး ငှက်ချစ်သူများကလည်း ဟိမ၀န္တာလင်းတများမှာ ခရီးဝေးပျံ သန်းရင်း အတောင်းညောင်း၍ ခေတ္တဆင်းသက်နားခိုကြခြင်းဖြစ်ပြီး ပတ်၀န်းကျင်အနီးသို့ရောက်ရှိ လာပါက အန္တရာယ်မပေးသည့်အတွက် ဖမ်းခြင်း၊ ရိုက်နှက်ခြင်းများမပြုကြရန် တောင်းဆိုထားသည်။
စစ်ခေါင်းဆောင်အတွက် အတိတ်နိမိတ်မကောင်းဟု အခါတော်ပေးခံထားရ၍ ယတြာ ချေမှုများ ပြုလုပ်နေစဉ် ကာလအတွင်း အဆိုပါ လင်းတများရောက်ရှိလာခြင်းဖြစ်သည်။
ဓာတ်ပုံ- ပေးပို့
#ရန်ကုန် #ဒဂုံဆိပ်ကမ်း #လင်းတငှက် #အကောင်၅၀ခန့်လာရောက် #Ayeyarwaddy_Times