ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၈ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုတွင် စစ်ကောင်စီတပ်က စပါးကုန်သည်နှင့် ကားသမား ၁၉ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်၍ အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း Kawlin- Revolution-KR ထံက သိရသည်။

ထို့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရသည့် ဒေသခံပြည်သူ ၁၉ဦး ၏ အလောင်းများကို ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့က ဝန်းသိုမြို့နယ်၊ ဒေသအခေါ် ၅မိုင် တွင် လာရောက်စွန့်ပစ်ထားခြင်းဖြစ်ပြီး အမျိုးသားအလောင်း ၁၇ လောင်းနှင့် အမျိုးသမီးအလောင်း ၂နှစ်လောင်း တို့ပါဝင်ကြောင်း သိရသည်။

“စပါးပွဲစားတွေရယ်၊ စပါးရောင်းဖို့သွားတဲ့သူတွေရယ်ကို စစ်တပ်ကဖမ်းသွားတာ။ ကားသမားတွေလည်းပါသွားတယ်။ စပါးတွေရော ကားတွေကိုပါ အကုန်သိမ်းသွားတာ။ ဒီနေ့ကျ အလောင်းပဲပြန်တွေ့ရတယ်”ဟု ကောလင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ-၁၂၀အနီးရှိ လေဘိုရွာ ကျောက်စိမ်းဘုရားအနီးတွင် ဆန်စပါးအရောင်း အဝယ်လုပ်သူများနှင့် ကားမောင်းသူများကို ဖမ်းဆီးခဲ့ပြီး ယမန်နေ့က ယခုကဲ့သို့ အလောင်းများကို လာရောက်စွန့်ပစ်သွားခြင်းဖြစ်သည်။

သေဆုံးသူများ၏ခေါင်းနှင့် ရင်ဘက်တွင် သေနတ်ဒဏ်ရာများတွေ့ရှိရပြီး ခြေထောက်နှင့် လက်ကောက်ဝတ်များတွင် ကြိုးများဖြင့် လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သေဆုံးသူများ၏ အနီးမှ စစ်ကောင်စီ၏ ကပစထုတ် 5.56 သေနတ် ကျည်ခွံများကိုပါတွေ့ရှိရကြောင်းသိရသည်။

သေဆုံးသူများတွင် စပါးပွဲစားဖြစ်သူ ဒေါ်ခင်စိန်၊ ဦးသိန်းဌေး၊ ဦးဟိန်းဇော်၊ ဦးထွန်းဇော်လှိုင်နှင့် ဦးငထွန်းတို့ ငါးဦးကိုသာ အတည်ပြုနိုင်သေးပြီး ကျန်သူများ၏ အမည်နှင့်နေရပ်ကို စုံစမ်းလျက်ရှိကြောင်း KR က ဆိုသည်။

ဖမ်းဆီးသွားစဥ်က ပါသွားသည့် ကားများနှင့် ဆန်စပါးများကို စစ်ကောင်စီက ခမရ-၁၂၀အတွင်းသို့ ယူဆောင်သွားပြီး အဆိုပါ ဆန်စပါးများကို ဝန်းသိုမြို့နယ် အတွင်းရှိ ဆန်စက်များတွင် လာရောက် ရောင်းချသွားကြောင်း သိရသည်။

ဝန်းသိုရှိ စစ်ကောင်စီ၏ ခမရ-၁၂၀ သည် ကောလင်းမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဥ်နီးပါးပစ်ခတ်လျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် ကောလင်းစျေးအတွင်းသို့ ကျရောက်ထိမှန်၍ ဒေသခံ ခြောက်ဦးသေဆုံးကာ ရှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပုံစာ-စစ်ကောင်တပ်၏ သတ်ဖြတ်ခြင်း ခံရသည့် စပါးကုန်သည်

#ဝန်းသို #ခမရ၁၂၀ #ပြည်သူ၁၉ဦး #အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ #အလောင်းစွန့်ပစ် #Ayeyarwaddy_Times