
ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာရှိ တောင်ရှည်တောင် ဗျူဟာကုန်းကြီး တစ်ခုလုံးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း သိရ သည်။
စစ်ကောင်စီတပ်က နှစ်ချီ၍ အခိုင်အမာတပ်စွဲထားသည့် အဆိုပါ တောင်ရှည်တောင် ဗျူဟာကုန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့မှစတင်၍ AA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ၊ ည ၉ နာရီခန့်တွင် သိမ်းဆည်းနိုင်ခဲ့ကာ စခန်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) တအာင်း တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန် ထားသည်။
ယခု တစ်ပတ်အတွင်းတွင် စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသည့် ခမောင်း ၀ဗျူဟာကုန်း၊ ချင်းလက်၀ဗျူဟာကုန်းနှင့် ယခုတောင်ရှည်တောင်ဗျူဟာကုန်း တို့ကို AA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပလက်၀မြို့ အတွင်းရှိ အဓိက အမာခံ စခန်းကုန်းကြီးများဖြစ်သည့် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ၊ တပ်မ (၁၁) ၊ ရှေ့တန်းတပ်မဌာနချုပ်နှစ်ခုအပါအ၀င် ပလက်၀-ကျောက်တော်အစပ်ရှိ မီး၀ ဗျူဟာကုန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“စစ်ကောင်စီက ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနဲ့ သံတွဲဘက်ကို မြေပြင်စစ်ကူနဲ့ ထောက်ပို့မပေးနိုင်တော့လို့ ရေကြောင်းကနေ အင်အားတိုးချဲ့နေတယ်။ ဒီဘက်ကလည်း စခန်းတစ်ခုပြီးတစ်ခုသိမ်းလာတာ ပလက်၀လည်း ဗျူဟာတစ်ခုလောက်ပဲ ကျန်တော့ တယ်။ အဲဒါပြီးရင် ပလက်၀က လွတ်မြောက်နယ်မြေဖြစ်ပြီ” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရေကြောင်းမှတစ်ဆင့် စစ်ကူအင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် AA တို့သည် ပေါက်တောမြို့တွင် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ပုံစာ- တောင်ရှည်တောင်ဗျူဟာကုန်း၊ မြောက်ဦးမြို့မုခ်ဦးတွင် AAအလံစိုက်ထူထားစဥ်
#ရခိုင် #တောင်ရှည်တောင် #စစ်ကောင်စီတပ် #ဗျူဟာကုန်း #AAသိမ်းပိုက် #Ayeyarwaddy_Times