
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရှိ စစ်ကောင်စီလက်အောက်ခံ Non CDM များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့မှစတင်၍ ၎င်းတို့၏ နေအိမ်များကို ပိတ်သိမ်းကာ ကျောက်မဲ မြို့မှ စွန့်ခွာ ပြောင်းရွေ့နေကြကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ထိပ်ပိုင်း ခေါင်းဆောင်များက ကျောက်မဲမြို့တွင် တိုက်ပွဲနယ်မြေ ဖြစ်တော့မည်ဟု ပြောဆိုကာ ပြောင်းရွေ့ကြရန် ညွှန်ကြားပြီးနောက် စစ်ကောင်စီ လက်အောက်ခံ Non CDM များက ယနေ့အချိန်ထိ ပြောင်းရွေ့နေဆဲဖြစ်ကြောင်း ဒေသခံများကဆိုသည်။
”အထက်က လူကြီးတွေလှမ်းပြီးဖုန်းဆက်ပြီးအကြောင်းကြားတာပါ။ ကျောက်မဲက တိုက်ပွဲနယ်မြေဖြစ်တော့မယ်လို့ပြောတယ်။ ဒီကနေ့အထိ ဝန်ထမ်းတွေ တစ်သုတ်ပြီး တစ်သုတ်ပြောင်းနေကြတယ်။ တရားရုံးထုတ်တွေလည်း မရှိတော့ဘူး။ တရားသူကြီး ကစပြောင်းသွားပြီ။ သူတို့ အိမ်တွေကိုလည်း အားလုံးပိတ်သိမ်းခဲ့ကြတယ်” ဟု စစ်ကောင်စီ လက်အောင်ခံ Non CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non CDM ဝန်းထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ Non CDM ဝန်ထမ်းများ၊ တရားသူကြီးအပါအဝင် တရားရုံးမှဝန်ထမ်းများ စတင်ပြောင်းရွေ့နေကြကြောင်း ကျောက်မဲမြို့ခံများထံက သိရသည်။
ကျောက်မဲမြို့ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲမိသားစုဝင်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက မိုင်းငေါ့လမ်းဘေးရှိ ခမရ-၅၀၁ သို့ အချုပ်သားများကိုပါ ခေါ်ဆောင်၍ ပြောင်းရွှေ့ သွားခဲ့သေးသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ယနေ့အချိန်အထိ မြို့နယ် ၁၁ မြို့ နှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားပြီး လွိုင်ကော် ၊ထီးချိုင့် ၊ ပလက်ဝ၊ ကျောက်တော် ၊ပေါက်တော ၊ ကွတ်ခိုင် ၊ မူဆယ် စသည့်မြို့များတွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ကျောက်မဲမြို့ (ပုံဟောင်း)
#ကျောက်မဲမြို့ #စစ်ကောင်စီလက်အောက်ခံ #NonCDM #ဝန်ထမ်း #ကျောက်မဲမြို့ #စွန့်ခွာပြောင်းရွေ့ #Ayeyarwaddy_Times