
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်နှင့် နောင်ချိုကြားရှိ ကျောက်မဲလေးရွာ စစ်ကောင်စီတပ် စခန်းတွင် ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့က စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi-35 ၊ ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး လွယ်ဆိုင်တောင်အနီး တဝိုက်သို့ လည်း ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း MNDAA ၊ TNLA ၊ AA မဟာမိတ် သုံး ဖွဲ့က ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်သည် ကျောက်မဲလေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို တအောင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး) ပူးပေါင်းတပ်တို့က လာရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်လာသောကြောင့် ခံစစ်ပြင်ပြီး အင်အား တိုးချဲ့ ထားကြောင်းသိရသည်။
“တော်လှန်ရေးအဖွဲ့တွေ ပြင်ဦးလွင် အထိဆင်းလာပြီဆိုပြီး ကျောက်မဲလေးကတပ်တွေကို အင်အားတွေတိုးချဲ့ပြီး အသင့်အနေအထားပြင်ထားတာ။ ကျောက်မဲလေးကျရင် ပြင်ဦးလွင်က ကပ်သွားပြီ” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃ရက်နေ့က ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် ၁၅မိုင်ခန့်သာဝေးသည့် နောင်ချိုမြို့နယ် သံဘိုရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ကတိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကျောက်မဲလေးတွင် စစ်ကောင်စီကယခုကဲ့သို့ စစ်အင်အားတိုးချဲ့ ပြီး ခံစစ်ပြင်လာခြင်းဖြစ်ကြောင်းသိရသည်။
ယခုကဲ့သို့ ခံစစ်ပြင်နေသည့် ကျောက်မဲလေးမှစစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့က အသိမ်းခံရသည့် သံဘိုရွာတိုက်ပွဲသို့ ကားသုံးစီးဖြင့် စစ်ကူရန် သွားရောက်ခဲ့ရာ TNLAနှင့် MDY-PDF တို့၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ထိခိုက်သေဆုံးမှု များပြား၍ လက်နက်ခဲယမ်းများဆုံးရှုံးကာ တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
ထို့အပြင် သံဘိုရွာစခန်းသိမ်းခံရပြီးနောက် ကျောက်မဲလေးသို့ ဆေးအကူစေလွှတ် ခံရသည့် စစ်ဆေးဗိုလ်ကြီးတစ်ဦးမှာလည်း ဇန်နဝါရီ ၅ရက်နေ့တွင် ကျောက်မဲလေးသို့ မသွားဘဲ ထွက်ပြေးသွားကြောင်းသိရသည်။
“ဆရာဝန်ဗိုလ်ကြီး ထွက်ပြေးသွားတာဟုတ်ပါတယ်။ လက်ရှိ in serviceပါ။ ကျောက်မဲလေးကို recoverလွှတ်တာ လမ်းမှာထွက်ပြေးသွားတာ။ သူ့မိသားစုက တပ်ပြင်မှာနေတာဆိုတော့ မိသားစုလိုက်ထွက်ပြေးသွားတာ” ဟု တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
သံဘိုရွာစခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ အင်အား ၃၀၀၀ ခန့်ဖြင့် စုဖွဲ့ကာ ကျောက်မဲလေးသို့ ချီတက်လာသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ ခံစစ်ပြင်ထားခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်း မြစ်ထံက သိရသည်။
စစ်ကောင်စီ၏ ကျောက်မဲလေးတပ်စခန်း သိမ်းပိုက်ခံရပါက ပြင်ဦးလွင်- နောင်ချို- မိုးကုတ် လမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပုံစာ- ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်း သံဘိုရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLAနှင့် MDY-PDF များ သိမ်းပိုက်ခဲ့စဉ်
#ပြင်ဦးလွင် #နောင်ချို #ကျောက်မဲလေးရွာ #စစ်ကောင်စီတပ်စခန်းခံစစ်ပြင် #တိုက်ပွဲဖြစ် #Ayeyarwaddy_Times