ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ ဆိုင်ကယ်ခိုးယူမှုများ ပိုမိုများပြားလာကြောင်း မြို့ခံများထံက သိရသည်။

” စီစီတီဗီက မြင်တာတော့ အုပ်စုနဲ့လာကြတာအနည်းဆုံး ငါးယောက်ပါတယ်။ အိမ်တံခါးကိုဖျက်၀င်ပြီး ဆိုင်ကယ်တွေကို တွန်းထုတ်သွားတာ၊ ရဲသွားတိုင်လဲ ဘာမှ မထူးဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

ယခု ဇန်နဝါရီလအစပိုင်းတွင် ပုသိမ်မြို့ မဥ္ဇူလမ်းရှိ အဆောင်တစ်ခုအတွင်းသို့ ၀င်ရောက်ပြီး ဆိုင်ကယ် လေးစီးထက်မနည်း ခိုးယူခံခဲ့ရကာ စီစီတီဗီမှတ်တမ်းများနှင့်အတူ ရဲတပ်ဖွဲ့ကိုတိုင်ကြားသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

ဇန်နဝါရီလအတွင်း နေအိမ်ရှေ့များတွင် သော့ခတ်ရပ်ထားသော ဆိုင်ကယ်များအပြင်၊ နေအိမ်များအတွင်းရှိ ဆိုင်ကယ်များကို ၀င်ရောက်ခိုးယူမှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ် ၁၅ စီးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့တွင် ခိုးမှု၊လုယက်မှုများ ပိုများလာပြီးတစ်ပတ်အတွင်း ဆိုင်ကယ်အစီး ၃၀နီးပါး ခိုးယူခံခဲ့ရပြီး၊ ဓားထောက်လုယက်မှုများဖြစ်ပွားခဲ့ကာ တရားခံဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။

ပုသိမ်မြို့တွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ အင်အား အများအပြားကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာအဓိကထားပြီး ဖမ်းဆီးနေခြင်းကြောင့် ခိုဆိုးလုနိူက်မှုများ နေ့စဥ်ဖြစ်ပွားနေပြီး၊လောင်းကစားမှု၊လုယက်မှု၊မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

ပုံစာ-ဆိုင်ကယ်ခိုးယူခံရသည့် စီစီတီဗီမှတ်တမ်းတစ်ခု

#ဧရာ၀တီတိုင်း #ပုသိမ်မြို့ #ဆိုင်ကယ်ခိုးယူမှုများ # ပိုမိုများပြားလာ #Ayeyarwaddy_Times