ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့အတွင်းရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ(စဗခ)မှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က မဟာမိတ်အဖွဲ့ထံ လက်နက်ချပြီးနောက် ညတွင်းချင်းပင်ကားများဖြင့် ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရ သည်။

ယမန်နေ့က ညီနောင်မဟာမိတ်အဖွဲ့ထံ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်၏ စစ်ဗျူ ဟာစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၎င်းတို့သွားလိုသည့် နေရာသို့ ကားအစီးရေ ၂၀ ကျော်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။

ညီနောင်မဟာမိတ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ကွတ်ခိုင်မြို့၏ အ၀င်အထွက်လမ်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန် မြို့နေပြည်သူများကို ပြောဆိုထားကြောင်း သိရသည်။

“မနေ့က ကွတ်ခိုင်မှာနောက်ဆုံးကျန်နေတဲ့ ဗျူဟာကုန်းကို ဆက်ပြီး ထိုးစစ်ဆင်နေတာ။ ညကတော့ လက်နက်ချတဲ့အဖွဲ့တွေကို ကားတွေနဲ့မြို့ကနေ ထွက်ခွင့်ပြုလိုက်တယ်။ တပ်ကလည်း တောက်လျှောက်လေယာဉ်နဲ့ ဗုံးကြဲနေတာ။ အတိအကျပြောလို့ မရနိုင် သေးဘူး။ သုံးဖွဲ့ကတော့ မြို့အ၀င်အထွက်တွေကို စိစစ်ပြီးမှ ခွင့်ပြုတော့တယ်” ဟု TNLA ၏ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ အခြေချ စစ်ဗျူဟာလက်နက်ချအညံ့ခံသည့် သတင်းနှင့်ပတ်သက်ပြီး ဆိုင်ရာ တပ်ဖွဲ့များမှ တရား၀င်သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

မဟာမိတ်အဖွဲ့များသည် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိ၍ အသေးစိတ်ကို ဆက်လက် စုံစမ်းလျက်ရှိသည်။

#ရှမ်းမြောက် #ကွတ်ခိုင် #စစ်‌ဗျူဟာ #မဟာမိတ်တပ်ဖွဲ့ #စစ်ကောင်စီလက်နက်ချ #မြို့ကထွက်ခွာ #Ayeyarwaddy_Times