
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့၊ ကနန်းစံပြကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ် ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် နှစ်ဦးအပါအ၀င် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အဆိုပါ ဘုရားကျောင်းကို ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် A-5 တိုက်လေယာဉ်အသုံးပြု၍ ပေါင် ၂၅၀ ဗုံး လေးလုံး ကြဲချခဲ့သည့် အတွက် ဘုရားကျောင်းအတွင်းရှိနေသူများ ဗုံးထိမှန်ပြီး ပြည်သူ ၁၁ ဦးအထိ သေဆုံး ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“ဗုံးလေးလုံးက ဘုရားကျောင်းကိုတိုက်ရိုက်ထိမှန်သွားတာ။ အလောင်းတွေကို တစ်စစီ လိုက်ကောက်ရတာတွေလည်းရှိတယ်။ ဒဏ်ရာရသူစာရင်းတော့ အတိအကျမသိနိုင် သေးဘူး။ သေတဲ့အထဲမှာ ကလေး နှစ်ယောက်အပါ ၁၁ ယောက်ရှိတာတော့ အတည်ပြုနိုင်တယ်”ဟု ကူညီပေးနေသည့် ဒေသခံပြည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ခါမ်းပါတ်မြို့တွင် လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် ခရစ်ယာဉ်ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ “ဒီလိုကိစ္စကို အပြင်းအထန်ရှုတ်ချပါတယ်။ ပြည်သူတွေကို ဒီလိုမလုပ်သင့်ဘူး။ ထိန်းချုပ်နယ်မြေတွေနဲ့ပတ်သက်ပြီး ရဲဘော်တွေအနေနဲ့ မလိုအပ်ဘဲအသံမထွက်စေချင်ဘူး” ဟု တော်လှန်ရေးရဲဘော် ကိုရောင်တစောင်းက ဧရာ ၀တီတိုင်းမ်ကို ပြောသည်။
တိုင်းရင်းသား အဖွဲ့များအနေဖြင့် မြို့ရွာများကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သော်လည်း ၎င်းဒေသများ အေးချမ်းသာမှုမရှိအောင် လက်နက်ဆန်းများဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ၏ ကူမင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် မြို့ရွာများကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သော်လည်း ၎င်းဒေသများ အေးချမ်းသာမှုမရှိအောင် လက်နက်ဆန်း များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့၀င်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကောင်စီက ခြိမ်းခြောက် ပြောဆိုထားသည်။
“မင်းတို့တိုင်းရင်းသားတွေရဲ့ မြို့ရွာဒေသတွေကို စစ်ရေးနည်းနဲ့ တိုက်ယူလို့ရခဲ့ရင်တောင် မင်းတို့ဒေသတွေ ဘယ်တော့မှ အေးချမ်းမှာမဟုတ်ဘူး။ ငါတို့မှာရှိတဲ့ လက်နက်ဆန်း တွေသုံးပြီး လေကြောင်းတိုက်ခိုက်ရေးနဲ့ အမြဲတမ်းဗုံးကြဲနေမှာပဲ”ဟု စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (NSPNC) အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောဆိုခဲ့ခြင်းဖြစ် သည်။
ခါမ်းပါတ်မြို့၊ ကနန်းစံပြကျေးရွာ ခရစ်ယာန်ဘုရားကျောင်းရှိ အရပ်သားပြည်သူများ တိုက်ခိုက်ခံရခြင်းအပေါ် PDF တပ်ဖွဲ့၀င်များ အစည်းအဝေး လုပ်နေသည်ကို သတင်းအတိ အကျအရ၍ သွားရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး PDF တပ်ဖွဲ့၀င် ၃၀ ကျော်သေဆုံးကြောင်း စစ်တပ်ထောက်ခံ ဝါဒဖြန့်သူများက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေထားသည်ကို တွေ့ရသည်။
ပုံစာ- ယနေ့ ဇန်နဝါရီ ၇ ရက်နေ့က ကနန်းစံပြကျေးရွာ အမှတ် (၅) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ပြီးနောက်မြင်ကွင်း
#စစ်ကိုင်း #တမူး #ခါမ်းပါတ် #ကနန်းစံပြကျေးရွာ #ခရစ်ယာန်ဘုရားကျောင်း #စစ်ကောင်စီ #လေယာဉ်#ဗုံးကြဲ #ပြည်သူ၁၁ဦးသေဆုံး #Ayeyarwaddy_Times