
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ် မဂူရိုးကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၆ရက်နေ့ညနေ ၅နာရီခန့်က ကျေးရွာရာအိမ်မှူးနှင့် တပည့်ဖြစ်သူတို့ သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဒေသခံများထံမှ သိရှိရသည်။
ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ မှ ရာအိမ်မှူးဦးသန်းမင်းအောင်ဆိုသူနှင့် တပည့်ဖြစ်သူ ဦးငွေသိန်းဆိုသူတို့ မဂူရိုးကျေးရွာ အ၀င်လမ်းပေါ်တွင်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“သန်းမင်းအောင်က တော့ သေနတ်ဒဏ်ရာ ရှစ်ချက်နဲ့ပွဲခြင်းပြီးပဲ။ သူ့တပည့်ကတော့ ကျုံပျော်ဆေးရုံရောက်မှသေတာပါ ၊ ပစ်တဲ့လူက သန်းမင်းအောင်ကိုပဲ အဓိကထားတယ်တူတယ် ဦးငွေသိန်းကတော့ လူတွေကိုအော်ခေါ်လို့ ပစ်သွားတာနဲ့တူပါတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သတ်ပြီး ပုသိမ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကျုံပျော်မြို့ပြပြောက်ကျားတပ်ဖွဲ့(KSTF)မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရာအိမ်မှူး ဦးသန်းမင်းအောင်သည် ယခင်က အုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီကပေးအပ်သည့် ရာအိမ်မှူးတာဝန်ကိုယူထားသူဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအား စစ်ကောင်စီအားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ကိုယ် ထိလက်ရောက်ကျူးလွန်ခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ သတင်းများအား စစ်ကောင်စီထံပေးပို့နေသူတစ်ဦးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ကျုံပျော်မြို့နယ်အတွင်းတွင် သန်းမင်းအောင်ကဲ့သို့ စစ်ကောင်စီထံသတင်းပေးပြီး ရွာသားများအပေါ် ခြိမ်းခြောက်ဖိနှိပ်မှုများ ဆက်လုပ်ပြုနေသူများအား ထိထိရောက်ရောက်တုံ့ပြန်ပါမည် ဟု ကျုံပျော်မြို့ပြပြောက်ကျားအဖွဲ့၏ လူမှုကွန်ရက် စာမျက်နှာတွင်ဇန်နဝါရီလ ၇ရက်နေ့ နံနက်ပိုင်းက ရေးသားထုတ်ပြန်ထားသည်။
လက်ရှိတွင် မဂူရိုးကျေးရွာသို့ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့၀င် အင်အား၃၀နီးပါးရောက်ရှိနေပြီးစစ်ဆေးမှုများပြုလုပ်နေကြောင်းဒေသခံများထံမှ သိရှိရသည်။
#ကျုံပျော်မြို့နယ် #ရာအိမ်မှုးနှင့်တပည့်ဖြစ်သူ #သေနတ်နှင့်ပစ်ခတ်ခံရ #ကျုံပျော်မြို့ပြပြောက်ကျား #KSTF #Ayeyarwaddy_Times-