
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်
ကျောက်မဲမြို့အတွင်းသို့ မဟာမိတ်တပ်ဖွဲ့များ ရောက်လာမည်ဟု သတင်းများ ထွက်ပေါ် နေသည့်အတွက် မြို့အတွင်းမှ စစ်ကောင်စီတပ်ရင်း၊ တပ်မများမှ တပ် မိသားစု၀င်များ အရေးတကြီး ထွက်ပြေးသွားကြကြောင်း သိရသည်။
ကျောက်မဲမြို့ထဲတွင် အထိုင်ချတပ်စွဲထားသည့် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) ၊ ခြေမြန်တပ်ရင်း ခမရ-၅၀၁၊ ခမရ -၅၀၂၊ အမြောက်တပ် အမတ-၃၅၂ တို့မှ တပ်မိသားစု၀င်များသည် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် အရေးပေါ်ပြောင်းရွှေ့နေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ညကတည်းက ရွှေ့နေကြတာ။ ဒီမနက်မှ ပိုပြီးလှုပ် လှုပ်ခတ်ခတ်ဖြစ်နေတာ။ အပြိုင်ပြောင်းပြေးနေကြတာ။ ဒီမှာ(ကျောက်မဲ)က တပ်ဖွဲ့စည်းပုံပျက်ပြီး ပြန့် ကြဲနေတော့ တိုက်ပွဲဖြစ်ရင် တပ်မိသားစုတွေက ခံရမှာဆိုပြီး အရေးပေါ် ပြေးကုန်ကြပြီ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါကျောက်မဲမြို့တွင်းရှိ စစ်ကောင်စီ၏ စကခ ၁၊ ကျောက်မဲလက်အောက်ခံ အခြားတပ်ရင်းများသည်လည်း သီပေါမြို့တွင် ထိုင်ထားရပြီး စာရွက်ပေါ်၌သာ တပ်ရင်းအရေအတွက်များနေခြင်းဖြစ်၍ ဖွဲ့စည်းပုံပျက်နေကြောင်း သိရသည်။
ထို့ပြင် ရှေ့တန်းစခန်းများတွင်လည်း တပ်အင်အားဖြန့် ထားရသည့်အတွက် ကျောက်မဲ မြို့သို့ မဟာမိတ်တပ်ဖွဲ့များ ရောက်လာပြီး စစ်နယ်မြေဖြစ်လာမည်ဆိုသည့် သတင်း များကြောင့် တပ်မိသားစု၀င်များပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သတင်းရင်း မြစ်က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ကျောက်မဲမြို့နယ် ရှိ မိုင်းငေါ့မြို့ကို ညီနောင် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်း မြို့နယ်ခွဲသုံးခုရှိရာ မိုင်းလုံနှင့် မိုင်းငေါ့မြို့ အသိမ်းခံရပြီးနောက် တစ်မြို့နယ်လုံးသိမ်းပိုက် ထိန်းချုပ်နိုင်ရန် အတွက် ကျောက်မဲမြို့သာကျန်ရှိတော့ကြောင်း သိရသည်။
MNDAA၊ TNLA၊ AA ညီနောင်မဟာမိတ်သုံးဖွဲ့က ကျောက်မဲမြို့အနီးရှိ နမ္မတူ၊ နမ့်ဆန်မြို့ကို သိမ်းယူထားပြီး နောင်ချိုမြို့ရှိတပ် စခန်းများကိုလည်း ယခုရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည့်အတွက် ကျောက်မဲရှိ စစ်တပ်အသိုင်းအဝိုင်းက မြို့အတွင်းကို မဟာမိတ် တပ်များ ၀င်ရောက်လာမည်ကို အထူးစိုးရိမ်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် “၁၀၂၇ စစ်ဆင်ရေး” စတင် ဖော်ဆောင်ကတည်းက ကျောက်မဲမြို့တွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ မီး သတ်ရုံးများနှင့် အခြားဌာနဆိုင်ရာရုံးများမှ Non CDM ၀န်ထမ်းများ ၎င်းတို့ရုံးများကို ဆေးမည်းများ သုတ်ကာ ပုန်းရှောင်ထွက်ပြေးသွားခဲ့ကြသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းက သာသနာ့အလံထောင်ကာ ထားခဲ့သည့် ကျောက်မဲ မြို့မ ရဲစခန်း နှင့် ဆေးအမည်းသုတ်ထားခဲ့သည့် ခရိုင်တရားရုံးကို တွေ့ရစဉ်
#ရှမ်းမြောက် #ကျောက်မဲ #စစ်ကောင်စီတပ်ရင်း #တပ်မိသားစုများထွက်ပြေး #Ayeyarwaddy_Times