ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

လက်ရှိ တည်ရှိနေသော စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရ ကျပ်တည်းချိန်တွင် မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် အိမ်ရာတည်ဆောက်ရေး၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှပ်နှံမှုလုပ်ငန်း အသစ်ဝင်ရောက်ကြောင်း စစ်ကောင်စီ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး‌၏ ပြောကြားချက်အရ သိရသည်။

အဆိုပါရင်းနှီးမြှပ်နှံမှုအသစ်ဝင်ရောက်မှုပမဏတန်ဖိုးမှာ ငွေကျပ် ၄၈၈၆၄ ဒသမ ၉၅၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၉၂ ကိုဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်ထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိသောနိုင်ငံများတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှပါဝင်နေပြီး ဒုတိယတရုတ်နိုင်ငံနှင့် တတိယအနေဖြင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ယင်းကော်မရှင်ထံက သိရသည်။

ထို့ပြင်စီးပွားရေးကဏ္ဍ ၁၂ ခု၌ စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှပ်နှံမှုအများဆုံး ဖြစ်ပြီး ၂၈ ဒသမ ၅၀ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် ၁၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာနထံက သိရသည်။

လက်ရှိတွင် ဒေါ်လာသန်း ၃၃၀ တန် ဂျပန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်သည့် ဒဂုံမြို့နယ် စစ်သမိုင်းပြတိုက်နေရာတွင်တည်ဆောက်မည့် Y Complex စီမံကိန်း၊ ရန်ကင်းမြို့နယ်တွင် တည်ဆောက်မည့် Yankin PPP Redevelopment စီမံကိန်းနှင့် ရိုးမလုပ်ငန်းစုပါဝင်သည့်ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဝင်းနေရာတွင် တည်ဆောက်မည့် The Peninsula Residences ဟိုတယ်စီမံကိန်းများ ရပ်ဆိုင်းလျက်ရှိသည်။

စစ်ကောင်စီကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ နိုင်ငံခြား ငွေခက်ခဲခြင်းအပါအဝင် အထွေထွေကုန်ကျ စရိတ်များမြင့်တက်နေသဖြင့် ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး တချို့ကုမ္ပဏီများက လူမွဲ စာရင်းခံယူကာ လုပ်ငန်းရပ်ဆိုင်းမှုများရှိကြောင်း သိရသည်။

ဓာတ်ပုံ -ဧရာ၀တီတိုင်းမ်

#အိမ်ရာတည်ဆောက်ရေး #စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍ #ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက် #စစ်ကောင်စီ #Ayeyarwaddy_Times