ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၇ ရက်

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို တအာင်းတပ်မတော် (TNLA) က ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLA၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ (စဗခ)ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ယမန်နေ့ ဇန်နဝါရီ ၆ ရက် နေ့က TNLA ထံလက်နက်ချမည်ဟု ညှိနှိုင်းဆွေးနွေးမှုများအပြီး ယနေ့ ဇန်နဝါရီ ၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှ တပ်သားများ လက်နက်ချအညံ့ခံခဲ့သော်လည်း စစ်ကောင်စီက ယနေ့‌ နေ့လယ်ပိုင်း အချိန်ထိ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရပြီး ဒေသခံများကလည်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားသည်။

“စဗခထဲက လက်နက်ချတဲ့သူတွေက မနေ့ကညကတည်းက မြို့ကနေ ကားတွေနဲ့ ထွက်သွားပြီ။ စစ်ကောင်စီကတော့ လေယာဉ်နဲ့ မနေ့ကရော ဒီနေ့ရော ဗုံးဆက် တိုက်ကြဲနေတာ။ ဖုန်းလိုင်းတွေလည်းဖြတ်ထားတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ညီနောင်မဟာမိတ်အဖွဲ့သည် ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့ကို ထိန်းချုပ်လိုက်ပြီး မြို့အ၀င်အထွက်လမ်းများကို ဖြတ်သန်းသွားလာခြင်းမပြုရန် မြို့နေပြည်သူများကို ပြောဆိုထားကြောင်း သိရသည်။

မဟာမိတ်အဖွဲ့များထံ လက်နက်ချခဲ့သည့် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့၀င်များ ကို ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ကတည်းက ကားအစီးရေ ၂၀ ကျော်ဖြင့် မြို့မှထွက်ခွာခွင့်ပြုခဲ့ပြီး ယနေ့နံနက်တွင်လည်း ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များကို လားရှိုး မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ‌TNLA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ကွတ်ခိုင်မြို့နယ်အတွင်း၌ နောက်ဆုံးကျန်ရှိနေသည့် အခြေချစစ်ဗျူဟာသည် လက်နက်ချ အညံ့ခံခဲ့သည့်အတွက် ကွတ်ခိုင်မြို့ကို TNLA က အလုံးစုံထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင်းရှိ တာမိုးညဲနှင့် နမ့်ဖတ်ကာရှိ စစ်ကောင်စီ တပ်စခန်းများကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၀င်ရောက်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

ပုံစာ-ပုံစာ-TNLA တပ်ဖွဲ့ဝင်တစ်ဦးက တအာင်းအလံ လွှင့်ထူထားစဉ် (ပုံဟောင်း)

#ကွတ်ခိုင် #TNLAသိမ်းပိုက် #ရှမ်းမြောက် #စစ်ကောင်စီအခြေချစစ်ဗျူဟာ #လက်နက်ချ #Ayeyarwaddy_Times