ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တိုင်းစစ်ကောင်စီရုံး ၌ ဂျန်ဘာ ( ဆက်သွယ်ရေး ဖြတ်တောက်သည့်စက်) တပ်ဆင်ထားမှုကြောင့် မြို့မရပ်ကွက်ဒေသခံများမှာ မကြာခဏ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံနေရကြောင်း သတင်းရရှိသည်။

တော်လှန်ရေးအင်အားစုများက ဒရုန်းအသုံးပြု တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အတွက် တိုင်းစစ်ကောင်စီရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ပုသိမ်ဆေးရုံအဆောင်သစ်တို့တွင် တော်လှန်အင်အားစုအဖွဲ့၏ ဒရုန်းတိုက်ခိုက်ခံရမည့်အပေါ်စိုးရိမ်၍ ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းကစပြီးဂျန်ဘာ ၁၀လုံးထက်မနည်းကို တပ်ဆင်ခဲ့ကြောင်း သိရသည်။

“ တိုင်းရုံးနဲ့ ဆေးရုံအသစ်ဆောင်မှာ ဂျန်ဘာတွေတပ်ထားတော့ ဖုန်းလိုင်းတွေ ခဏခဏ လိုင်းအဖြတ်ခံရတယ်။ အင်တာနက်ဆိုတစ်နေကုန်သုံးမရဘူး။ စတက်တုန်းကတော့အခြေအနေမဆိုးသေးဘူး။ဒီလပိုင်းထဲရောက်မှ ဆိုးလာတယ်”ဟု မြို့မရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ပုသိမ်မြို့တွင်းရှိ တိုင်းလွှတ်တော်ရုံးနှင့် မြို့တော်ခန်းမစသည့် နေရာများတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းဂျန်ဘာများ တပ်ဆင်ထားပြီး ကာလတန်ဖိုးကျပ်သိန်းတစ်ထောင်ဝန်းကျင်ရှိနေကြောင်း တိုင်းစစ်ကောင်စီသတင်း ရင်းမြစ်ထံက သိရသည်။

“အရင်လထဲကတိုင်းရုံး၊ လွှတ်တော်ရုံးနဲ့မြို့တော်ခန်းမနေရာမှာပါဂျန်ဘာတပ်ထားတာ။ စက်တွေကတရုတ်နဲ့အစ္စရေးဘက်ကလာတာ။ နေရာသုံးခုထဲကို ကျပ်သိန်းတစ်ထောင်လောက်ကုန်သွားတယ်။ဂျန်ဘာတပ်တဲ့အချိန်ကစပြီး ဖုန်းလိုင်း၊အင်တာနက်တွေကျတာတို့ လိုင်းပျောက်တာတို့ဖြစ်တယ်” ဟု တိုင်းစစ်ကောင်စီ သတင်းရင်းမြစ်ကဆိုသည်။

အလားတူ ပုသိမ်မြို့တွင်းရှိ တိုင်းစစ်ကောင်စီဝန်ကြီးချုပ် နှင့် အနောက်တောင်တန်းစစ်ဌာနချုပ်(နတခ)စစ်တိုင်းမှူးလမ်းကြောင်းများတွင် လုံခြုံရေးအဆင့်တိုးမြှင့်ထားကြောင်း တပ်တွင်းသတင်းအရင်းမြစ်များထံက သိရသည်။

#ပုသိမ်မြို့ #တိုင်းစစ်ကောင်စီရုံး #ဂျန်ဘာတပ်ဆင်ထားမှုကြောင့် #ဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက် #Ayeyarwaddy_Times