ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
ဧရာဝတီတိုင်း ငပုတောမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ပြောင်းရွှေ့ခံရမည်စိုး၍ အထက်အဆင့်ဆင့်သို့ ငွေကျပ်သိန်းရာချီ လာဘ်ထိုးနေကြောင်း ရဲတပ်ဖွဲ့သတင်း ရင်းမြစ်ထံကသိရသည်။
ငပုတောမြို့နယ်ရဲစခန်းမှ စခန်းမှူး၊ နယ်ထိန်းအရာရှိ အပါအဝင် ရဲတပ်ဖွဲ့ဝင်များသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်များသို့ ရွှေ့ပြောင်းခံရမည်စိုး၍ တိုင်းစစ်ဌာနချုပ်၊တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ နေပြည်တော်ရှိ ရဲချုပ်နှင့်ရဲရာထူးခန့်ချုပ်ရုံးထံသို့ ငွေကျပ် သိန်း ၅၀၀ ထက်မနည်းလာဘ်ထိုးမှုပြုလုပ်နေရကြောင်း မြို့နယ်ရဲစခန်းနှင့်နီးစပ်သူများထံက သိရသည်။
“ အခုတလောတိုက်ပွဲဖြစ်တဲ့နေရာတိုင်းရဲတွေအကျအဆုံးများနေတော့ စခန်းထဲမှာပွက်လောရိုက်နေတယ်။ အပြောင်းအရွှေ့ပါမှာစိုးလို့ တိုင်းရဲတပ်ဖွဲ့မှူးကနေ ရဲချုပ်အထိ သိန်းကိုရာချီလာဘ်ထိုးနေရတယ်။ပြောရရင် တစ်ယောက်ကို အနည်းဆုံးသိန်းတစ်ရာပဲ။ အကုန်လုံးဆိုရင် သိန်း၅၀၀ လာဘ်ထိုးရတာ။အရင်လိုသိန်း၅၀ မရတော့ဘူး “ ဟု ငပုတောမြို့နယ် ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လာဘ်ငွေသိန်းရာချီရရှိရန် မြို့တွင်းရှိတရားမဝင်လောင်းကစားဒိုင်များနှင့်အရက်ဆိုင်များထံသို့ တစ်ပတ်လျှင် ငွေ ကျပ် သိန်း ၂၀ ဝန်းကျင်လိုက်လံတောင်းယူနေသည့်အပြင် လုံခြုံရေးအကြောင်းပြ၍ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်နှင့် သင်္ဘောဆိပ်တို့၌ ငွေကြေးအတင်းအကျပ်တောင်းယူမှု ပြုလုပ်နေကြောင်း မြို့ခံများထံကသိရသည်။
“ မြို့ထဲကနှစ်လုံးထီသုံးလုံးထီဒိုင်တွေကိုတစ်ပတ်၁၀သိန်းရဲတွေလိုင်းကြေးတောင်းနေတယ်။ အရက်ဆိုင်တွေဆိုရင် ရဲလိုင်းကြေး ၁၀သိန်းတောင်းတယ်။ ရက်မလိုဘူး ၊ လိုချင်ရင်လာတောင်းတော့တာပဲ။ နယ်ထိန်းတွေ ခဏခဏ ရပ်ကွက်ထဲကိုဝင်နေတာဆိုတော့ တွေ့နေရတာ။ မြို့အထွက်ဆိုရင် ရရင်ရသလို ငွေတောင်းနေတာရဲတွေချည်းပဲ။သင်္ဘောဆိပ်ကမ်းဆိုရင် လာသမျှစက်လှေတွေကို အကုန်ပိုက်ဆံတောင်းတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။
အလားတူ ငပုတောမြို့နယ် တမန်ချောင်း၊ ဟင်းအိုးချောင်း၊ ကမ်းနီ ၊ကွင်းချောင်း လေးအုပ်စုစသည့် ကျေးရွာများအတွင်းရှိ တရားမဝင် လောင်းကစားဒိုင်များနှင့် အရက်ဆိုင်များထံမှလိုင်းကြေးအဖြစ်ငွေသိန်း ၁၀၀ နီးပါးကို ဇန်နဝါရီ ၂ရက်နေ့က တောင်းယူခဲ့ကြောင်း ကျေးရွာဒေသခံများထံကသိရသည်။
#ငပုတောမြို့နယ် #ရဲတပ်ဖွဲ့ဝင်များ #တိုက်ပွဲဖြစ်ပွားရာသို့ #ပြောင်းရွှေ့ခံရမည်စိုး၍ #ငွေကျပ်သိန်းရာချီလာဘ်ထိုး #Ayeyarwaddy_Times