ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ ဇန်နဝါရီ ၆ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ရွာတွင် ယနေ့ ဇန်နဝါရီ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်က စစ်ကောင်စီကပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ နာရေးပြုလုပ်နေသည့်နေအိမ်တစ်အိမ်ပေါ်သို့ ကျရောက်ခဲ့ပြီး ဒေသခံ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်အ‌ခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၂၀ တပ်ရင်းမှ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နာရေး အိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံ ရှစ် ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကာ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“နာရေးအိမ်ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ လက်နက်ကြီးနဲ့ရမ်းပစ်လို့ သေတာ။ နာရေးဖြစ်တဲ့အိမ်ကလည်း ရိုးရိုးသာမာန်ပြည်သူပါပဲ။ သူ့ရောဂါနဲ့သူဆုံးတဲ့ အသုဘအိမ်ပါပဲ။ ဒဏ်ရာရသူအများစုကလည်း ဒဏ်ရာပြင်းထန်ပြီး အခုပဲခူး ဆေးရုံကိုပို့ထားတယ်၊ ပဲခူးဆေးရုံမှာ လေးယောက်ထပ်သေတယ်။ ဘယ်သူတွေဆိုတာတော့ နာမည်မသိရသေးဘူး” ဟု ညောင်လေးပင်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည့်အတွက် သေဆုံးခဲ့ရသူများမှာ မစန်းပို (၅၅)နှစ်၊ ကိုညွန့်တင် (၆၂)နှစ်၊ ကိုဟိန်း (၁၆)နှစ်၊ မအေးမာ (၃၅)နှစ် တို့ လေးဦးအပြင် ပဲခူး ဆေးရုံတွင်လည်း ဒေသခံ လေးဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် စစ်တောင်းမြစ်ဝှမ်း ဒေသတစ်လျှောက်တွင် လက်နက်ကြီးများကို နေ့စဉ် စီမံချက်ဖြင့် ပစ်ခတ်မှုများပြုလုပ်နခြင်း ဖြစ်သည်။

ညောင်လေးပင်ခရိုင်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်မှ ၃၁ ရက်နေ့တွင်လည်း စစ်ကောင်စီက ဒေသခံများနေထိုင်ရာနေရာများသို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံတစ်ဦး သေဆုံးကာ လေး ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း ကရင်အမျိုးသား အစည်းအရုံးထံက သိရသည်။

#ညောင်လေးပင် #ဒေသခံသေဆုံး #နာရေးအိမ် #စစ်ကောင်စီလက်နက်ကြီးကျ #၈ဦးသေ #၁၂ဦးဒဏ်ရာရ #Ayeyarwaddy_Times