ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ ဇန်နဝါရီ ၆ ရက်

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ တောင်ခမောက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ PPDF ထံက သိရသည်။

အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံ နေအိမ်များကိုအကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး မီးရှို့နေစဉ် တော်လှန်တပ်ဖွဲ့များက ဝင်ရောက်တားဆီးပစ်ခတ်သော်လည်း နေအိမ် အလုံး ၂၀ ကျော်နှင့် စပါးကျီ နှစ် လုံး မီးလောင်ပြာကျခဲ့ရကြောင်းလည်း သိရသည်။

“အကြမ်းဖက် စစ်ကောင်စီဟာ အငြိုးတကြီးနဲ့ တောင်ခမောက်ရွာကို မီးရှို့ဖျက်ဆီးတာပါ။ ဘာကြောင့် ဒီလိုပြောရလည်းဆိုရင် သူတို့ အဲ့ဒီရွာကိုဝင်တိုင်း ရွာသူ၊ ရွာသားတွေက သူတို့ကို အတွေ့မခံတာကြောင့်တစ်ချက်၊ နောက်တစ်ချက်က အဲဒီရွာသူ၊ ရွာသားတွေကို PDF တွေဆိုပြီး ထင်မှတ်ထားတာကြောင့် အခုလိုရက်ရက်စက်စက် လူမဆန်စွာ မီးရှို့ ဖျက်ဆီးတာ” ဟု ၃၆၀၁-PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် အိမ်ထောင်စု ၂၁ စုမှ ကျား ၂၀ ဦး၊မ ၂၉ ဦး၊ ကလေး ၁၀ ဦး စုစုပေါင်း လူဦးရေ ၅၉ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သစ်ပုတ်တာဝါ တိုင် အထိုင်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်တွင် ဒေသခံ ခုနစ်ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ ပေါင်းတည်မြို့နယ်သို့ ဝင်ရောက်လာသည့် အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၆၀၁ PPDF တပ်ဖွဲ့ဝင်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ – ပေးပို့

#ပေါင်းတည် #PPDF #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #ဒေသခံနေအိမ် #Ayeyarwaddy_Times