ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ရက်

ညီနောင်မဟာမိတ်အဖွဲ့များ ထိန်းချုပ်ထားသည့် ရှမ်းမြောက်၊ သိန္နီမြို့တွင် ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခလရ-၆၉ ကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိန္နီမြို့ကို မဟာမိတ်အဖွဲ့များက ထိန်းချုပ် ထားနိုင် ပြီဟု ထုတ်ပြန်ခဲ့သော်လည်း သိန္နီမြို့ထဲတွင် စစ်ကောင်စီ၏ ခလရ-၆၉ နှင့် စကခ-၁၆ တို့ကျန်ရှိနေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စခန်းနှစ်ခုအနက် ခလရ-၆၉ ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“မြို့ထဲမှာကျန်နေတဲ့ စကစ‌(စစ်ကောင်စီ)တပ်သားတွေကို အကုန် မြေလှန်ရှာပြီး ရှင်းမှာပါ။ အကုန်ရဖို့ သိပ်မလိုတော့ဘူး” ဟု မဟာမိတ်အဖွဲ့နှင့် ပူးပေါင်း တိုက်ပွဲ ၀င်နေသည့် စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

မြို့အတွင်းကျန်ရှိနေသည့် စစ်စခန်းနှစ်ခုမှတပ်များနှင့် မဟာမိတ်အဖွဲ့တို့ ယခု ဇန်နဝါရီလ အတွင်းတွင် တိုက်ပွဲများပြန်လည် ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် အဆိုပါစစ်စခန်းများသို့ စစ်ကောင်စီတပ်က တပ်မ (၅၅)၊ တပ်မ (၈၈)နှင့် တပ်မ (၉၉) တို့မှစစ်ကောင်စီတပ်ဖွဲ့များကို လေယာဥ်ဖြင့် စစ်ကူပို့ဆောင်မှုများ ပြုလုပ်ပေးခဲ့ပြီး မြို့အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဥ်နီးပါးပြုလုပ်နေကြောင်း သိရသည်။

မြို့အတွင်းရှိ ပြည်သူအများစုမှာ နီးစပ်ရာနယ်မြေများသို့ စစ်ဘေးရှောင်လျက်ရှိပြီး ပြည်သူ ၄၀၀ ခန့်မှာ သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေရသည်။

စစ်ဘေးရှောင် ၄၀၀ ခန့် စစ်ရှောင်နေသည့် ကျောင်းခမ်းဘုန်းကြီးကျောင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က ဒရုန်းဗုံး ငါး လုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် စစ်ဘေးရှောင် ပြည်သူတစ်ဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် မဟာမိတ်အဖွဲ့များ၏ “၁၀၂၇ စစ်ဆင်ရေး” စတင်သည့်အောက်တိုဘာလ ကတည်းက သိန္နီမြို့ကို အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများဖြတ်တောက်ထားသည့်အတွက် မြို့အတွင်းပိတ်မိနေသူများနှင် စစ်ဘေးရှောင်များကို ကူညီဆက် သွယ်ရန် အခက်အခဲများရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံက သိရသည်။

မဟာမိတ်အဖွဲ့များ ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုလက်ရှိ စစ်ကောင်စီ၏ စကခ ၁၆ တစ်ခုသာကျန်ရှိတော့ပြီး စစ်ကောင်စီကလေကြောင်းမှ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

Photo credit: Shan News

ပုံစာ- စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ထားသည့် သိန္နီမြို့
#ရှမ်းမြောက် #သိန္နိ #စစ်ကောင်စီ #ခလရ၆၉ #မဟာမိတ်တပ်များ #သိမ်းပိုက် #Ayeyarwaddy_Times