ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နယ်အနီးရှိ ကျေးရွာအချို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ပူးပေါင်းစစ်ကြောင်းက ဒေသခံများထံမှ စိုက်ပျိုးရေးချေးငွေများကို အဓ္ဓမတောင်းယူသွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဟိုင်းကြီးကျွန်းမြို့နယ်အနီး ကညှင်ချောင်းကျေးရွာအတွင်းသို့ ဇန်နဝါရီ ၅ရက်နေ့ ညနေ ၄နာရီကျော်တွင် စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီး(ပြည်သူ့စစ်)ပူးပေါင်းအဖွဲ့အင်အား ၃၀ ဖြင့် စစ်ကြောင်းပုံစံဝင်ရောက်ခဲ့ကာ ဒေသခံကျေးရွာသားများထံမှ စိုက်ဘဏ်ချေးငွေ ကျပ်သိန်း၄၀၀ကျော်ကို အတင်းအကျပ် ခြိမ်းခြောက် တောင်းယူခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ကညနေပိုင်း စစ်တပ်ရဲ့ ပူးပေါင်းစစ်ကြောင်းရွာထဲဝင်လာတာ။စိုက်ဘဏ်ရဲ့ ချေးငွေတွေကို အတင်းလာတောင်းတာ။ တစ်အိမ်ကို ၁၅သိန်းတောင်းတယ်။ မပေးနိုင်တဲ့သူတွေက ပေါင်နှံရောင်းချပြီး ပေးရတယ်”ဟုကညှင်ချောင်း ကျေးရွာ ဒေသခံတောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်ချောင်းတဖက်ကျေးရွာတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၄ရက်နေ့က ဟိုင်းကြီးကျွန်းမြို့နယ်ရဲစခန်း မှရဲ အင်အား ငါးဦးခန့်ဖြင့် လာရောက်ကာ ဒေသခံကျေးရွာသားများထံမှ နွေစပါးစိုက်ပျိုးချေးငွေသိန်း ၂၀၀ ကျော်တောင်းယူခဲ့ပြီး ပြန်လည်မပေးဆပ်နိုင်သူ ၂၀ ဦးထံမှ လယ်ဧက ၇၀ အားသိမ်းယူ၍ အစောင့် ကင်းချခဲ့ကြောင်း ဒေသခံကျေးရွာသားများထံက သိရသည်။

“ နယ်ထိန်းနဲ့ရဲတပ်သားတွေ ရွာထဲလာပြီး စိုက်ပျိုးချေးငွေ သိန်းနှစ်ရာလာတောင်းတာ။ မပေးနိုင်တဲ့သူတွေကို လယ်တွေအပေါင်ခံပြီးသိမ်းသွားတယ်။ လယ်တွေအနားမှာ ရဲတွေကို လုံခြုံရေးချသွားတယ်”ဟု ချောင်းတဖက်ကျေးရွာ ဒေသခံတောင်သူတစ်ဦးကဆိုသည်။

အလားတူဟိုင်းကြီးကျွန်းမြို့အနီး ကျေးရွာများထံသို့ ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် ဝင်ရောက်ကာ ဒေသခံများထံမှ မိုးစပါးစိုက်ပျိုးရေး ချေးငွေ ကျပ်သိန်း ၃၀၀ နီးပါး အတင်းအကျပ်တောင်းခံခဲ့သည်။

#ဟိုင်းကြီးကျွန်း #စစ်ကြောင်းထိုး #ဒေသခံများထံမှ #စိုက်ဘဏ်ချေးငွေးများတောင်းယူ
#Ayeyarwaddy_Times