နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

အာဏာသိမ်း စစ်ကောင်စီသည် တရုတ်အစိုးရ၏ လိုလားချက်နှင့် ပတ်သက်၍ ဈေးဆစ်နေပုံရပြီး ယခုရက်ပိုင်းအတွင်း ကူမင်းမြို့၌ ပြုလုပ်ရန် စီစဉ်ထားသော စစ်ကောင်စီနှင့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့၏ တတိယအကြိမ် ဆွေးနွေးပွဲသည်လည်း လက်ရှိအခြေအနေအရ ထူးခြားမှုရှိမည်မဟုတ်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသူများက သုံးသပ်သည်။

တရုတ်အစိုးရ၏ လိုလားချက်သည် ကျားဖြန့်ဟုခေါ်သော အွန်လိုင်းငွေလိမ်ဂိုဏ်းများ အမြစ်ဖြတ်နှိမ်နင်းရေးနှင့် ရှမ်းမြောက်ဒေသတွင်း အာဏာချိန်ခွင်လျှာ အပြောင်းအလဲ အသစ်ပြန်ဖြစ်ရေးဖြစ်ပြီး နေပြည်တော်အထိ အာ ဏာချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားမည်ကိုမူ လိုလားပုံမရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအင်စတီကျူ -ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း “တရုတ်ကတော့ သူဖမ်းဝရမ်း ထုတ်ထားတဲ့လူတွေ ရရေးအတွက် ကြိုးစားနေတယ် ထင်တယ်။ အဲဒါကို စစ်ကောင်စီဘက်ကလည်း ဘာတွေစျေးဆစ်နေသလဲ မသိဘူး။ စျေးဆစ်နေပုံရတယ်။ အားလုံးက သုံးဦးသုံးဖလှယ်က ကိုယ်လိုချင်တဲ့ဟာတွေ ကိုယ်ရဖို့ ဆက်ကြိုးစားကြမှာပဲ။ ကျွန်မတို့ တော်လှန်ရေးဘက်ကတော့ ကောင်းတဲ့အချက်တွေ ပိုများလာလိမ့်မယ်ထင်တယ်” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စတင်ဖော်ဆောင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေး စစ်ရှိန်မြှင့်လာချိန်တွင် တရုတ်အစိုးက ကြားဝင်လာသောကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ -NSPNC အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တိုင်းရင်းသားအဖွဲ့များအနေဖြင့် မြို့ရွာများကို စစ်ရေးအရ သိမ်းပိုက်ထားနိုင်သော်လည်း ၎င်းဒေသများ အေးချမ်းသာမှုမရှိအောင် လက်နက်ဆန်းများသုံး၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင်မူ လောက်ကိုင်မြို့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် လူတစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို နှစ်ဖက်စလုံးမှ ထုတ်ဖော်ဝန်ခံထားခြင်း မရှိသေးသလို ထိုအရာသည် တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်နေသည့် တတိယအကြိမ် ကူမင်းဆွေးနွေးပွဲမတိုင်ခင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တရုတ်ပြည်ကတော့ အဲဒါနဲ့ ပတ်သတ်လို့ တရားဝင် စွပ်စွဲပြောဆိုမှု၊ သတင်းထုတ်ပြန်တာတွေ လုပ်လိမ့်မယ်။ အဲဒီတော့ ဒီဘက်ကပြန်ပြီးတော့ အဲဒါနဲ့ပတ်သက်ပြီး ဖြေရှင်းတာတွေ၊ အကြောင်းပြတာတွေ လုပ်ပါလိမ့်မယ် ဒီ လောက်ပါပဲ။ ဒီထက်ပိုပြီး ထူးထူးခြားခြား ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုး၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား တတိယအကြိမ် ဆွေးနွေးပွဲကို လာမည့်ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ ကူမင်းမြို့တွင် ပြုလုပ်သွားရန်ရှိကြောင်း နေပြည်တော် တပ်တွင်း အရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

“ဆွေးနွေးမှုကတော့ အဆင်မပြေနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်အပါအဝင် သုံးဖက်သုံးတန်က ကိုယ်လိုချင်တဲ့ အချက်တွေ ကိုယ့်ဟာကို ကိုယ်စီရှိကြတယ်။ ဒါကို ထိန်းညှိဖို့က သိပ်မလွယ်ဘူးထင်တယ်။ တော်လှန် ရေးအတွက် ကောင်းလာနိုင်တယ်ဆိုတာက စစ်တပ်က ပြိုသထက်ပြိုမှာပဲ။ အခုဒီလူ (စစ်ခေါင်းဆောင်)တွေ ပြောနေလုပ်နေပုံတွေ ကြည့်ရတာလေ။ အဲဒီတော့ တော်လှန်ရေးဘက်က လူတွေလည်း ဆက်ပြီးတိုက်ကြလိမ့်မယ် ထင်တယ်” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

အဆိုပါ တတိယအကြိမ် ဆွေးနွေးပွဲတွင် တရုတ်အစိုးရဘက်မှ ၎င်းတို့နယ်မြေထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖိအားပေးမှုများ ရှိလာနိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေချိန် ယမန်နေ့ ဇန်နဝါရီ ၅ ရက်က တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

“တရုတ်က စစ်ကောင်စီကို ဖိအားပေးတယ်ဆိုတဲ့ အမြင်ကတော့ တကယ့်အခြေအနေနဲ့ မကိုက်ညီဘူးလို့ ထင်ပါတယ်။ ဘယ်လိုကြောင့်လဲဆိုတော့ သူ(တရုတ်)က တစ်လျှောက်လုံး ဒီအခြေအနေ ဖြစ်နေတာတောင်မှ စစ်ကောင်စီအတွက် လုပ်ကိုင်ပေးနေတာပဲလေ၊ စိတ်က လျှော့မှမလျှော့ပဲ။ ဒီအခြေအနေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဘာတွေ လုပ်ပေးလဲ ဘာထူးမှာလဲ။ အဲတော့ ဒီအခြေအနေမှာ တရုတ်ဘက်က ဘာဘောထား အခုထက်ထိ မပြောင်းသေးဘူးလို့ ပြောချင်တာပါ” ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

ထို့ကြောင့် တရုတ်သည် မူဝါဒမပြောင်းသေးသလို ၎င်းတို့အနေဖြင့် ကာလတစ်ခုထိ အာဏာသိမ်း စစ်ကောင်စီကို အနည်းငယ် ဆက်လက်သီးခံ၍ အခြေအနေကို ထိန်းဦးမည်ဟု ယူဆကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

နေပြည်တော်ကို ရောက်ရှိလာသော တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr.Sun Weidong ပါအဖွဲ့သည် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဇန်နဝါရီ ၅ ရက်က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှု

#တရုတ်နိုင်ငံခြားရေးဒုတိယဝန်ကြီး #MrSun Weidong #ဒေါက်တာလှကျော်ဇော #ဦးသန်းစိုးနိုင် #မြောက်ပိုင်းညီနောင်သုံးဖွဲ့ #စစ်ကောင်စီ
#Ayeyarwaddy_Times