ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီအဖွဲ့မှ ဇန်နဝါရီလအတွင်း ဧည့်စာရင်းစစ်ဆေးမှုများအား တိုးမြှင့်လုပ်ဆောင်လာနေကြောင်း ဝါးခယ်မမြို့နယ် ဒေသခံများထံမှသိရသည်။

ဧရာဝတီတိုင်းရှိ မြောင်းမြ ၊ဝါးခယ်မ ၊ ကျောင်းကုန်းနှင့် အခြားမြို့နယ်များတွင်ပါ ဧည့်စာရင်းစစ်ဆေးမှုများ အား တိုးမြှင့်လုပ်ဆောင်နေကာ ရပ်ကွက်ကျေးရွာများအထိ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး ဧည့်စာရင်းမိလျှင် အချုပ်ချနေကြကြောင်း ဒေသခံများထံမှသိရသည်။

” ဧည့်စာရင်းစစ်တာ အခုပိုဆိုးလာတယ် ။ အရင်ကဆို ကိုယ်ရွာမှာ ကိုယ်နေတာ အမျိုးတွေလာလည်ရင် ဒီတိုင်းပဲတည်းတာပဲ ဘာမှမဖြစ်ဘူး ။ အခုက ဘယ်သူလာလာအကုန်ဧည့်စာရင်းတိုင်နေရတယ် ။ အိမ်ခွဲပြီး အခြားရွာမှာနေတဲ့ သားတွေပြန်လာတာတောင် ဧည့်စာရင်းတိုင်နေရတဲ့ အဖြစ်ဗျာ။ အရင်ရက်ကလည်း အညာကစောင်တွေ ခြင်ထောင်တွေ ရောင်းတဲ့သူတွေကို ဧည့်စာရင်းမတိုင်လို့ဆိုပြီး တစ်ညဖမ်းသွားတယ် “ ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီလမှစတင်ကာ ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် နေအိမ်များအား ခြံစည်းရိုး ကာခိုင်းခြင်းနှင့် အတူ ဧည့်စာရင်းစစ်ခြင်းများကိုပါ လုပ်ဆောင်နေပြီး ရပ်ကွက်ကျေးရွာတွင် ဒေသခံမဟုတ်သူများ လာရောက်တည်ခိုပါက နီးစပ်ရာ အုပ်ချုပ်ရေး ဌာနများသို့ လာရောက် အကြောင်းကြား ကြရန်လည်း ပြောဆိုထားကြောင်း ဒေသခံများထံမှသိရသည်။

“ကျန်ခဲ့တဲ့လကစပြီး အိမ်တွေခြံစည်းရိုးခတ်ရမယ်။ ပြီးရင်ထုံးသုတ်ရမယ် မလုပ်ရင် ဒဏ်ရိုက်မယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက အစည်းဝေးနဲ့ပြောတယ် ။ ဒီရက်ထဲတစ်ခါ လူစိမ်းလာတည်းရင် အုပ်ချုပ်ရေးမှူကို အကြောင်းကြာဖို့နဲ့ ကိုယ်သဘေားနဲ့လက်မခံဖို့ပါ ထပ်ပြီးအစည်းဝေးလုပ်တယ်”ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် ဧရာဝတီတိုင်းအတွင်း ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ဆောင်ရာတွင် ရှောင်တခင်စစ်ဆေးခြင်းကိုဆောင်ရွက်နေပြီး ဖမ်းမိပါက ဖုန်းကိုစစ်ဆေးခြင်းနှင့် ဖမ်းဆီငွေညှစ်ခြင်းများပါ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှသိရသည်။

#ဧရာဝတီတိုင်း #မြို့နယ်များတွင် #စစ်ကောင်စီ #ဧည့်စားရင်းစစ်ဆေးမှုများ #တိုးမြှင့်လုပ်ဆောင် #Ayeyarwaddy_Times