မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၆ ရက်

လောက်ကိုင်(ဒကစ)တစ်ခုလုံး လက်နက်ချအညံ့ခံ သွားသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး လက်နက်ကိုင် ပဋိ ပက္ခကို အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် လက်လွှတ်လိုက်ရ ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့က လောက်ကိုင်ဒကစ အတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် စစ်ကူရောက် ရှိနေသည့် တပ်ရင်းများ၊ ပြည်သူ့စစ်များပါမကျန် မဟာမိတ်အဖွဲ့ထံ လက်နက်ချသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်ထွန်းက ပြည်တွင်း မီဒီယာတစ်ခုတွင် ပြောကြားထားသည်။

“တပ်မတော်အနေနဲ့ လောက်ကိုင်အခြေအနေနဲ့ပတ်သက်ပြီး အဖက်ဖက်ကစဉ်းစားခဲ့ပါတယ်။ စဉ်းစားခဲ့ တဲ့နေရာမှာ နံပါတ်တစ်အနေနဲ့ မိသားစု၀င်များရဲ့လုံ ခြုံရေးကို စဉ်းစားပါတယ်။ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသား စု၀င်တွေနေထိုင်တာဖြစ်တယ်။ မိသားစု၀င်တွေရဲ့လုံ ခြုံရေးကို ဦးစားပေးစဉ်းစားခဲ့ပါတယ်”ဟု ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကောင်စီက ၎င်းတို့၏ တပ်နှင့်တပ်မိသားစု၀င်များကို အလေးထားပြီး လောက်ကိုင် မြို့ကို လက်လွှတ်လိုက်ရသည်ဟု ဖြေကြားထားသော်လည်း ဒကစတစ်ခုလုံး အညံ့မခံခင်က လောက်ကိုင် မြို့အတွင်းရှိ ပြည်သူများကိုပစ်မှတ်ထား၍ ဓာတုအဆိပ်ဗုံးကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ထို့အပြင် မြန်မာ နိုင်ငံလွတ်လပ်ရေးရသည်မှာ ၇၆ နှစ်ရှိပြီဖြစ်သော်လည်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် တိုးတက်မှုမရှိသည့်အတွက် လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေး ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းချင်သည်ဆိုသည့် စစ်ကောင်စီက လားရှိုးအခြေစိုက် ၆၈ ဂိတ်တပ်စခန်း မှနေ့၍ ယမန်နေ့ ၅ ရက်နေ့က ဟိုလောင်ကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းညောင်ကျေးရွာများသို့ လက်နက် ကြီးဖြင့် ၄၈ ကြိမ်တိုင် ပစ်ခတ်ခဲ့ပြီး မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှလည်း ညောင်ကုန်းကျေးရွာသို့ လက် နက်ကြီး၊ ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့တစ်ရက်တည်းမှာပင် လားရှိုး၊ နမ္မတူ၊ သိန္နီ နှင့် ချင်းပြည်နယ် ပလက်၀၊ ရခိုင်ရှိ ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ အရပ်သားပြည်သူများကို လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#စစ်ကောင်စီ #လက်နက်ကိုင်ပဋိပက္ခ #အမြန်ချုပ်ငြိမ်းရန် #လောက်ကိုင် #လာရှိုး #ဗိုလ်ချုပ်ဇော်မင်းထွန်း #Ayeyarwaddy_Times