ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၅ ရက်

ဗီယက်နမ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ လစာ၏ ၂ ရာခိုင်နှုန်း ကို ဇန်နဝါရီ ၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီထံ ဝင်ငွေခွန်အဖြစ် ခြောက်လစာ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဗီယက်နမ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများသည် ၂၀၂၃ ခုနှစ်အောက်တိုဘာ လမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ခြောက်လစာ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို စတင်ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာသံရုံးက ကြေညာ ထားသည်။

စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ပနေ မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် ရရှိသည့် လစာဝင်ငွေအပေါ် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။

ထိုသို့ ဝင်ငွေခွန်ပေးသွင်းထားသူများအနေဖြင့် မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ်တို့ကို ဝယ်ယူရာတွင် ဝင်ငွေရလမ်း (ငွေဖြူ ) အဖြစ် ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း စစ်‌ကောင်စီက မက်လုံးပေးထားသည်။

နိုင်ငံခြားဝင်ငွေ ဘတ်ဂျက်လိုငွေ ပြ‌နေသော စစ်ကောင်စီသည် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများထံမှ အဓမ္မနည်းလမ်းများသုံးကာ ဝင်ငွေခွန်ပေးဆောင်ရန် လုပ်ဆောင်လျက်ရှိသည်။

စင်ကာပူနိုင်ငံရှိ အလုပ်သမားများထံဝင်ငွေခွန်ရရှိ‌ရေး တောင်းခံရာတွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းပေးဆောင်ပြီးမှ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသဖြင့် ဝင်ငွေခွန်ပေးဆောင်မှုများရှိကြောင်း စင်ကာပူရှိအလုပ်သမား တစ်ဦးထံမှ သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများက ဝင်ငွေခွန်ပေးဆောင်ခိုင်းသည့် အပေါ် ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီက ဝင်ငွေခွန်ဆောင်ခိုင်းသည့် နိုင်ငံများတွင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်လာပြီဖြစ်သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်က လစာဝင်ငွေအပေါ် ဝင်ငွေခွန် တွက်ချက် ပေးဆောင်ခြင်းသည် နိုင်ငံသားများ အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး အစရှိသည့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ခြင်းပင်ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ စစ်ကောင်စီသံရုံး
#ဗီယက်နမ် #အလုပ်လုပ်ကိုင်နေသည့်မြန်မာနိုင်ငံသားများ #စစ်ကောင်စီ #၆လစာဝင်ငွေခွန် #ပေးဆောင်ရမည် #Ayeyarwaddy_Times