
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဥ်းထောင်တွင် အကျဥ်းချခံရသူ ၁၀၆ ဦးကို ဇန်နဝါရီလ ၄ရက်နေ့တွင် စစ်ကောင်စီကလွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးကြောင့်အကျဥ်းချခံရသူ တစ်ဦးမှမပါကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်ကျရောက်သည့် ၇၆နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဥ်းထောင်များအတွင်း အကျဥ်းချခံနေရသူများအနက် လူဦးရေ ကိုးထောင်ကျော်ကို စစ်ကောင်စီကလွှတ်ပေးခဲ့ရာ ကလေးမြို့အကျဥ်းထောင်တွင်လည်း အမျိုးသား ၅၄ ဦးနှင့်အမျိုးသမီး ၅၂ဦးဖြင့် စုစုပေါင်း ၁၀၆ ဦးကိုလွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
“မူးယစ်မှု၊ခိုးမှုတွေ၊ လောင်းကစားမှုတွေ ပြန်လွတ်တာများတယ်။ ကျွန်မတို့လည်း လွတ်မယ်ကြားတော့ ကိုယ့်လူပါလာမလားလို့ ထောင်ဗူးဝသွားပြီး စောင့်ရတာပေါ့။ နိုင်ကျဥ်းတွေတော့ဒီနေ့ လုံးဝ တစ်ယောက်မှ ပြန်လွတ်မလာဘူး” ဟု နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိသားစုဝင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကလေးမြို့အကျဥ်းထောင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း ပါဝင်လှုပ်ရှားခဲ့သည့်CDM ဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊တော်လှန်ရေးသမားများအပါအဝင် သာမန်အရပ်သား စုစုပေါင်း ၈၀၀ ကျော်ကိုပုဒ်မအမျိုးမျိုးဖြင့် စစ်ကောင်စီက အကျဥ်းချထားသည်ဟု ဒေသခံများထံကသိရသည်။
ကလေးထောင်တွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့ကလည်း အကျဥ်းကျခံနေရသူ အမျိုးသမီးများက ဖိနှိပ်မှုများ၊ တစ်ကိုယ်ရေ ကျန်းမာရေးကိစ္စများ အဆင်မပြေမှုများ၊ သောက်သုံးရေနှင့်ချိုးရေမသန့်ရှင်းမှု၊ နေရာထိုင်ခင်းမသန့်ရှင်းမှု စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူများကပြောသည်။
ကလေးထောင်တွင် ၂၀၂၂ ခုနှစ် မတ်လကလည်း ထောင်တွင်းဆူပူမှုတစ်ခုဖြစ်ပွားခဲ့ကာ ဆူပူသူများကို အကျဥ်းဦးစီးအရာရှိများကသေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့ရာ အကျဥ်းသား၊အချုပ်သားစုစုပေါင်း ၇ဦး သေဆုံးကြောင်းစစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်သေဆုံးသူဦးရေမှာ ၁၀ဦးကျော်ရှိကြောင်း အကျဥ်းထောင်မှပြန်လွတ်လာသူများထံက သိရသည်။
ပုံစာ – ကလေးမြို့အကျဥ်းထောင် ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ကလေးမြို့အကျဥ်းထောင် #စစ်ကိုင်းတိုင်း
#နိုင်ငံရေးအကျဥ်းသား #ထောင်တွင်းဆန္ဒပြမှု #လွတ်လပ်ရေးနေ့ #Ayeyarwaddy_Times