
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၅ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်အုပ်စု၏ အကျိုးစီးပွားကို ကာကွယ်ပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးတွင် ပါဝင်ခဲ့သူများအား ဆုတံဆိပ်ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ် အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ်များကို ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေး နေ့တွင် စစ်ခေါင်းဆောင်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသူများသည် တနည်းအားဖြင့် သမိုင်းတရားခံများဖြစ်ပြီး ၎င်းတို့အား ထိုကဲ့သို့ ဆုတံဆိပ်ပေးခြင်းသည် အရေးနိမ့်လာသော စစ်ကောင်စီ၏ လက်ရှိအခြေအနေကို ဖုံးကွယ်ချင်လိုသောကြောင့် စည်းရုံးခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီနှင့် လေ့လာသူများက ထောက်ပြသုံးသပ်သည်။
“အခုသူတို့(စစ်ကောင်စီ) ဆုပေးတဲ့လူတွေကို ကြည့်လိုက်ပါ၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ညွှန်ကြားရေးမှူးတွေပဲ။ တစ်ယောက်မှ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူ မပါဘူး။ အကုန်လုံးက စစ်တပ်အလိုကျ ရေပက်မဝင် အောင် လုပ်ထားတာ။ အဲဒီလိုလုပ်ပြီးတော့ ရေးဆွဲသွားတာပါ။ အဲဒီတော့ အမျိုးသားညီလာခံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲတဲ့လူတွေ အားလုံးက တိုင်းပြည်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ တွက်ရင်တော့ အဲ ဒါ သမိုင်းတရားခံတွေပဲ။ စစ်ဖိနပ်အောက်ကို ရောက်စေတဲ့ ခြေ/ဥကို ရေးဆွဲတဲ့ သမိုင်းတရားခံကြီးတွေပဲ။ အဲဒီထက် ဘာမှမပိုဘူး” ဟုတောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ -နဝတသည် ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် ကြေညာချက်အမှတ် ၁၁/၉၂ ကို ထုတ်ပြန်လျက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရန် အမျိုးသားညီလာခံကို ခေါ်ယူကျင်းပမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။
ထို့နောက် အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်တိုင်တိုင် ကျင်းပကာ စစ်အုပ်စုအလိုကျ လူပုဂ္ဂိုလ်များဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည်။
စစ်အုပ်စုသည် ပြည်သူလူထု တခဲနက်မဲပေး ရွေးချယ်ခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု၍ ၎င်းတို့အကျိုးစီးပွားများအား အကာအကွယ်ပေးနိုင်ရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိုကဲ့သို့ နှစ်ကာ လအချိန်ယူ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခြေဥပါ အချက်အလက်များအရ စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းခွင့် ပေးထားကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS မှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ကျမတို့နိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခအဝဝဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တယားဆိုတဲ့ စစ် သုံးစစ်ကြောင့် ဖြစ်တယ်။ ဒီစစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်ရေးအတွက် အကာအကွယ်ပြုထားတဲ့ ၂၀၀၈ ကို ရေးဆွဲရာမှာ တနည်းတဖုံ ပါဝင်ခဲ့ကြသူတွေဟာ မပြေးသော်လည်း ကန်ရာရှိ ဆိုသလိုပဲ သမိုင်းရဲ့ တရားခံတွေအဖြစ် တာဝန်ယူ၊ တာဝန်ခံကြရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
နဝတ စစ်အစိုးရသည် ၁၉၉၂ ခုနှစ်၊ ဂျူလိုင် ၁၀ ရက်တွင် အမျိုးသားညီလာခံ ကိုယ်စားလှယ် စုစုပေါင်း ၇၀၂ ဦးကို ရွေးချယ်ခဲ့ပြီး ထိုအထဲတွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ၁၀၇ ဦးသာ ပါဝင်ကာ ကျန် ကိုယ်စားလှယ် အများစုမှာ စစ်အုပ်စု ရွေးချယ်သူများဖြစ်ကြောင်း သိရသည်။
ယင်းနောက် ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသားညီလာခံ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ခဲ့သလို ၁၉၉၂ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင်လည်း စစ်အစိုးရက ကြေညာချက်မှတ် ၁၃/၉၂ ဖြင့် အမျိုးသားညီ လာခံ ဦးတည်ချက် ၆ ရပ်ကို ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်အစိုးရ၏ အမျိုးသားညီလာခံ ဦးတည်ချက် ၆ ရပ်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောပပါလ တရားများ ပိုမိုထွန်းကားရေး၊ အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် ရေးတို့ဖြစ်ကြောင်း သိရသည်။
“အီရတ်မှာ ဆာဒန်ဟူစိန်တုန်းကလည်း သူ့ကိုယ်သူ ဂုဏ်ပြုဆုတံဆိပ်တွေ ပြန်ပေးတာမျိုး လုပ်ခဲ့တယ်။ ဒါကတော့ စစ်ခေါင်းဆောင်တွေအနေနဲ့ သူ တို့ကိုယ်သူတို့ ပြန်ပြီးတော့ အားပေးတာပေါ့။ သူတို့ကိုယ်သူတို့ motivation ပြန်ပြီးယူတာဖြစ်တယ်။ နောက်တစ်ခုက အရေးနိမ့်လာတဲ့ သူတို့ရဲ့ လက်ရှိအခြေအနေကို ဖုံးကွယ်ချင်တဲ့အတွက်ကြောင့် သူတို့ကိုယုံကြည် အားပေး ထောက်ခံတဲ့လူတွေကို ပိုပြီးတော့ စည်းရုံးချင်တဲ့ သဘောနဲ့ပေါ့ဗျာ။ ဒီလိုမျိုး ဂုဏ်ထူးဆောင် ဘွဲ့တွေဘာတွေ သူ့ဘာသူ ကြံဖန်ပေးပြီး စည်းရုံးတာပါပဲ” ဟု စစ်ကိုင်းဖိုရမ်ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေက ပြောသည်။
ယခင်စစ်အစိုးရသည် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် အမျိုးသားညီလာခံ ပထမဆုံးအစည်းအဝေးကို စတင်ကျင်းပခဲ့ပြီး ဦးတည်ချက် ၆ ရပ်ကိုလည်း ကြေညာခဲ့သလို ၂ ရက်အကြာ၌ အတိုက်အခံနှင့် တိုင်းရင်းသားကိုယ် စားလှယ်များက သဘောမတူ၍ ညီလာခံကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
“အဲဒီအမျိုးသားညီလာခံမှာ စစ်တပ်က ဘာလုပ်သလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး အစုအဖွဲ့တွေ ခွဲကျလိုက်တယ်။ အစုအဖွဲ့တွေ ခွဲပြီးတော့ ပညာရှင်တွေနဲ့ တာဝန်ပေးထားတဲ့ လူတွေကို သူတို့စိတ်ကြိုက် လုပ်တယ်။ တသီးပုဂ္ဂလအပါအဝင် ရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့ရယ်၊ နောက်တစ်ခါ နိုင်နိုင်ရှုံးရှုံး နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်တဲ့လူတွေကို နိုင်ငံရေးပါတီ အစုအဖွဲ့ရယ်ဆိုပြီး အဲဒီနှစ်ဖွဲ့သာလျှင် ပြည်သူလူ ထုဘက်ကလို့ ပြောလို့ရနိုင်တယ်” ဟု တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းက ဆိုသည်။
ကန့်ကွက်မှုများရှိသည့်အတွက် စစ်အစိုးရက ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီမှ ကိုယ်စားလှယ်များကို ညီလာခံမှ ထုတ်ပယ်ခဲ့သလို ၂၀၀၃ ခုနှစ်၊ ဩဂုတ် ၃၀ ရက်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က စစ်အစိုးရ၏ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ချက်ကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၀၄ ခုနှစ်၊ မတ် ၃၀ ရက်တွင် အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ၂၀၀၄ ခုနှစ်၊ မေ ၁၇ ရက်တွင် ညီလာခံအား ပြန်လည်ကျင်းပရန် ကြေညာခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဖေ ဖော်ဝါရီ ၁၇ ရက်မှ မတ် ၃၁ ရက်အထိ ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအများဆုံး မဲအနိုင်ရရှိသူ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနှင့် SSA ခေါင်းဆောင်များ ဖမ်းဆီးခံရ၍ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်အချို့ ညီလာခံမှ နုတ်ထွက်ခဲ့ကြသည်။
၂၀၀၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင်မူ အမျိုးသားညီလာခံ၌ အနာဂတ်နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို စတင်ဆွေးနွေးခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင်လည်း အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိ ယဗိုလ်ချုပ်ကြီး သိန်းစိန်က အခြေခံဥပဒေမူကြမ်းကို ၇၅ ရာခိုင်နှုန်း ရေးဆွဲပြီးဖြစ်ဟု ကြေညာခဲ့သည်။
ယင်းနောက် ၂၀၀၆ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ အမျိုးသားညီလာခံ တတိယမြောက်အစည်းအဝေးကို ကျင်းပပြီး စစ်တပ်ပါဝင်မှုနှင့်ဆိုင်သည့် အချက်များ၊ နိုင်ငံတော်တရားသူကြီးချုပ်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးနှင့် သက်ဆိုင်သည့် အချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်က အချို့အချက်များ ထပ်တိုးရန်၊ မရှင်းလင်းသည်များနှင့် ဥပဒေဆိုင်ရာ အားနည်းချက်များကို ပြင်ဆင်ရန်ဟုဆိုကာ ညီလာခံနောက်ဆုံး အစည်းအဝေးကို ၂၀၀၇ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် ကျင်းပအဆုံးသတ်ခဲ့သည်။
ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ခေါင်းဆောင် #၎င်းတို့အကျိုးစီးပွား #ကာကွယ်ပေးထားသည့် #၂၀၀၈ဖွဲ့စည်းပုံ #အခြေခံဥပဒေ #ရေးဆွဲရေး #ပါဝင်ခဲ့သူများ #ဆုတံဆိပ်ပေး
#Ayeyarwaddy_Times