ဇလပ်ဖြူ /ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ၊ အိန္ဒိယ – မြန်မာနယ်စပ်ဒေသရှိ နန်းအောင်မော်ကျေးရွာကို ဇန်နဝါရီ ၂ရက်နေ့တွင် စစ်ကောင်စီနှင့် ၄င်း၏ပူးပေါင်းအဖွဲ့ (SNA) ရှမ်းနီတပ် တို့က မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ကြောင်း ဒေသခံများထံကသိရသည်။

၂၀၂၃၊ နိုဝင်ဘာလအတွင်း စတင်ခဲ့သည့် တမူးအထက်ပိုင်း တိုက်ပွဲများကြောင့် နန်းအောင်မော် ကျေးရွာဒေသခံများလည်း ရွာလုံးကျွတ်စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲများ ငြိမ်သက်သွားချိန် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ရက်နေ့တွင် ရွာတွင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ခန့်ပြုလုပ်ပြီးထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ဒေသခံများထပ်မံထွက်ပြေးခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့က တိုက်ပွဲတွေစဖြစ်ကတည်းက ပြေးကြတာ။ ငြိမ်သွားပြီထင်လို့ရွာထဲ ပြန်ဝင်တာမှာ လေယာဥ်နဲ့ပြန်လာပစ်တော့ ထပ်ပြေးရတာပေါ့။ ပြေးတဲ့ပုန်းတဲ့နေရာတိုင်းကို တောက်လျှောက်လိုက်ပစ်တာဗျာ။ ဘာမှကိုမယူအားဘဲ ထွက်ပြေးရတာ။ နည်းနည်းငြိမ်သွားတော့ တေအရေးကြီးတာလေးတွေ ပြန်သွားယူဖို့ကားငှားပြီး လွှတ်တာ။ ကားသမားလည်းလက်နက်ကြီးစ ထိလာသေးတယ်။ ပစ္စည်းတစ်ချို့တော့ပြန်ယူနိုင်ခဲ့ပါတယ်။မှတ်တမ်းလည်းယူလာနိုင်တယ်။ရွာထဲအကုန်ဝင်ရှို့သွားတာ။ အိမ်နှစ်လုံး သုံးလုံးလောက်ပဲ အကောင်းတိုင်းကျန်တယ်။” ဟု နန်းအောင်မော်ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နန်းအောင်မော်ကျေးရွာသည် အိမ်ခြေ၅၀ကျော် ခန့် ရှိသည့် တမူးမြို့နှင့် မိုင်၄၀ခန့်သာ ကွာဝေးပြီး စစ်ကောင်စီနှင့် SNA ရှမ်းနီတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဘာသာရေးရုံးများ၊ဘာသာရေးအဆောက်အဦးများအပြင် လူနေအိမ်ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ မီးရှို့ခဲ့သည့် နန်းအောင်မော်ကျေးရွာ
#နန်းအောင်မော် #တမူးအထက်ပိုင်း #စစ်ကိုင်းတိုင်း #အိန္ဒိယမြန်မာနယ်စပ် #ရွာလုံးကျွတ်မီးရှို့ #Ayeyarwaddy_Times