ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့ ရိက္ခာရပ်ကွက်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ်ဦးသေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့၊ ည ၉ နာရီဝန်းကျင်တွင် ပလက်ဝမြို့ တစ်ဖက်ကမ်းရှိ စစ်ကောင်စီ၏ ခလရ ၂၈၉ တပ်ရင်းနှင့် ပလက်ဝမြို့ တောင်ထိပ်ပေါ်က ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ်မူများကြောင့် ရိက္ခာရပ်ကွက်ရှိ လူနေအိပေါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အသက်မပြည့်သေးသော အရပ်သား တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ ညနေ ၉ နာရီလောက်က အိမ်ထဲမှာ လက်နက်ကြီးကျည် ကျပေါက်ကွဲတာပါ။ မိသားစုဝင်ထဲမှ သားဖြစ်သူက သေဆုံးသွားတယ်။ ကျန်တဲ့ မိဘ နှစ်ဦးကလည်း ထိခိုက်ဒဏ်ရာရတာက ပြင်းထန်တယ်။ ပလက်ဝ ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမူ ခံယူနေပါတယ်။ အခုချိန်ထိ လက်နက်ကြီး ပစ်ခတ်သံတွေက ကြားနေရတုန်းပါ။”ဟု ရိက္ခာရပ်ကွက်နေ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသွားသူသည် အသက် ၁၄ နှစ်အရွယ် မောင်ထွန်းကိုလင်း ဟုသိရှိရပြီး ထိခိုက်ဒဏ်ရာရသည့် နှစ်ဦးသည် ဦးအောင်ဘဲနှင့် ဒေါ် အောင်မာတို့ဖြစ်ပြီး ၎င်းတို့ကို ပလက်ဝဆေးရုံသို့ ပိုဆောင်ထားကာ အရေးပေါ် ခွဲစိတ်ကုသနေရကြောင်း သိရှိရသည်။

ပလက်ဝမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မူကြောင့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတွင်း လက်နက်ကြီးကျည် ငါးကြိမ် ကျရောက်ပေါက်ကွဲပြီး အရပ်သား တစ် ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ငါးဦးထက်မနည်းရှိခဲ့သည်။ ထို့အပြင် လူနေအိမ်နှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။

လက်ရှိ ပလက်ဝမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မူများကြောင့် မြို့ပေါ်နေ ပြည်သူများသည် ဘုရားကျောင်းနှင့် စာသင်ကျောင်းများတွင် စုဝေးနေထိုင်နေရကြောင်း သိရှိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်(AA)က ပလက်ဝမြို့ အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သည့် ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉ နှင့် ခမရ- ၂၂၀ တပ်ရင်း တို့အား ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#ချင်းပြည် #ပလက်ဝ #လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ #အရပ်သားထိခိုက်သေဆုံး #Ayeyarwaddy_Times