ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

အာဏာသိမ်းစစ်ကောင်စီက ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ ပါဝင်ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်အနက် အများစုမှာ ပုဒ်မ ၅၀၅ ဖြင့်ထောင်ဒဏ်ကျခံနေရသူအများစုဖြစ်ပြီး လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ကာ နှစ်ရှည်အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

“အင်းစိန်အကျဥ်း‌ထောင်က အကျဉ်းသား ၂၀၀၀ ကျော်လွှတ်တယ်။ နိုင်ကျဥ်း ၅၀၅ တွေ ၂၀၀ လောက်ပဲပါတယ်။ အများဆုံးလွတ်တာ ခိုးဆိုးလုနှိုက်တွေပဲ” ဟု ထောင်ဝင်စာပို့ကြမယ် အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်းစိန်အကျဉ်းထောင်မှ ယနေ့လွတ်မြောက်လာသူများထဲတွင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် Myanmar Press Photo Agency မှ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းအပါအဝင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် သရုပ်ဆောင် သင်ဇာ‌ဝင့်ကျော်နှင့် မော်ဒယ်နန်းမွေစံတို့ပါဝင်ကြောင်းလည်း သိရသည်။

ထို့ပြင် အင်းစိန်ထောင်နိုင်ငံရေးသမားများအင်အားစုကလည်း ” ၇၆ နှစ်ပြည့်လွတ်လပ်ရေးသည် ရွှေရည်စိမ်လွတ်လပ်ရေးဖြစ်သည့်အတွက် စစ်အာဏာရှင်ကို တော်လှန်နေသောအဖွဲ့အစည်းများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်” ဟု သတင်းစကား ပြောကြားထားသည်။

စစ်ကောင်စီက ယနေ့ကျရောက်သည့် ၇၆ နှစ်ပြည့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၄၄ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော််ဝါရီလမှစတင်ပြီး ဇန်နဝါရီ ၄ ရက်နေ့အထိကောက်ယူရရှိထားသည့် စာရင်းများအရ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်း ၁၉၉၂၉ ဦးဖမ်းဆီးခံရဆဲဖြစ်ကာ ၎င်းတို့ထဲမှ ၈၄၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်းကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထံက သိရသည်။

ဓာတ်ပုံ – ထောင်ဝင်စာပို့ကြမယ်

#အင်းစိန်ထောင် #နိုင်ကျဉ်းလွတ်မြောက် #လွတ်ငြိမ်းချမ်းသာခွင့်ပေး #လွတ်လပ်ရေးနေ့ #Ayeyarwaddy_Times