ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ လ

ချင်းပြည်နယ်၊ ပလက်ဝရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို ရခိုင့်တပ်မတော် (AA) က ထပ်မံသိမ်းပိုက်လိုက်ပြီး ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီစခန်း တစ်ခုမျှ မကျန်အောင် အပြတ် ချေမှုန်းတိုက်ခိုက်သွားမည်ဟု AA နှင့်မဟာမိတ်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ပလက်ဝရှိ စစ်ကောင်စီ၏ချင်းလက်ဝစခန်းကို ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့တွင် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၃ရက်အတွင်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းကို သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်း အမြောက် အများနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များကို သိမ်းယူရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့ကလည်း စစ်ကောင်စီ၏ ခမောင်းဝစခန်းကို သိမ်းယူ ရရှိခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၃ ရက်နေ့တွင် ချင်းလက်ဝစခန်းကုန်းကို AA က ထပ်မံ တိုက်ခိုက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီ၏ ဗျူဟာကျသော ပလက်ဝ ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာ ကုန်း တို့ကို AA တပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ပလက်ဝ ဝန်းကျင်ရှိ စစ်ကောင်စီ၏ ခလရ (၂၃၃)၊ ခလရ(၂၈၉)၊ ခမရ(၃၇၄)၊ ခမရ(၃၇၆)၊ ခမရ(၃၀၈)၊ ခမရ(၂၁၁)၊ ခမရ(၂၁၇)၊ ခမရ(၂၂၀) တို့ကိုလည်း ဇန်နဝါရီ ၁ ရက်မှစတင်၍ ချဥ်းကပ်ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများအပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် နှစ်ရှည်တပ်စွဲထားသည့် စစ်ကောင်စီ၏ တောင်ရှည်တောင် စစ်စခန်းကိုလည်း အပြင်းအထန် ထိုးစစ် ဆင်တိုက်ခိုက်လျှက်ရှိကြောင်း AAတပ်ဖွဲ့ကဆိုသည်။

ပုံစာ-ချင်းလက်ဝစခန်းမှ သိမ်းယူရရှိထားသည့် လက်နက်ခဲယမ်းများ
#ပလက်ဝ #ချင်းလက်ဝစခန်း #AA #စစ်ကောင်စီစခန်း #ထပ်မံသိမ်းပိုက်ခံရ #Ayeyarwaddy_Times