ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် ၂၀၂၃ နို၀င်ဘာလ အတွင်းက ဖမ်းဆီးခဲ့သော ရိုဟင်ဂျာလူမျိုး ၁၆၇ဦးကို ငပုတောမြို့နယ်တရားရုံးမှ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်ကြောင်း သိရှိရသည်။

“နိုင်ငံသား မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆၃ က နဲ့ ထောင် သုံး နှစ် စီ အမိန့်ချလိုက်တာ ၁၈နှစ်မပြည့်သေးတဲ့ ကလေး ၃၅ဦးကို ကလေးထောင်ပို့တယ်။ဘာမှဖြေရှင်းခွင့်မရှိဘူး သူတို့ကိုလိုက်ပို့တယ်ဆိုတဲ့ စက်လှေသမား၁၀ဦးကတော့ လူကုန်ကူးမှုနဲ့ စစ်နေတုန်း” ဟုတရားရုံးနှင့်​နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

၂၀၂၃ ခုနှစ် နို၀င်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီရေတပ်၏ ကင်းလှည့်ရေယာဥ်မှ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်တွင် ရိုဟင်ဂျာ အမျိုးသား ၈၀ဦး၊အမျိုးသမီး ၈၇ဦး နှင့် မြန်မာလူမျိုး (၁၀) ဦးကိုဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိထောင်ဒဏ်ချခံထားသူများသည် ပွဲစားများ၏ချိတ်ဆက်ပေးမှုနှင့် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများမှ တစ်ဆင့် မလေးရှားနိုင်ငံကို အလုပ်လုပ်ရန် စက်လှေနှင့်ထွက်လာစဥ် စစ်ကောင်စီရေတပ်နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရသည်။

ဧရာ၀တီတိုင်းတွင် ၂၀၂၃ခုနှစ်အတွင်း ရိုဟင်ဂျာ၆၀၀ကျော် ဖမ်းဆီးခံခဲ့ရပြီး သြဂုတ်လ ၁ရက်နေ့တွင် ဖမ်းဆီးထောင်ချထားသော ရိုဟင်ဂျာ ၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

#ဟိုင်းကြီးကျွန်း #ပင်လယ်ပြင်တွင် #ဖမ်းဆီးခံရသော #ရိုဟင်ဂျာ၁၆၀ကျော်ကို #ထောင်ဒဏ်၃နှစ်စီချ #Ayeyarwaddy_Times