ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များတွင်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အိမ်တိုင်းတွင် နိုင်ငံတော်အလံ စိုက်ထူရန်နှင့် မစိုက်ထူပါက ဒဏ်ရိုက်ခံရမည်ဟု အုပ်ချုပ်ရေးမှူးများမှ လိုက်လံပြောကြားနေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစကာ အုပ်ချုပ်ရေးမှူးများမှ တဆင့် ကျေးရွာအတွင်းရှိ ပြည်သူများအားလွတ်လပ်ရေးနေ့တွင် အိမ်တိုင်းအိမ်တိုင်း နိုင်ငံတော်အလံ စိုက်ထူးရန်နှင့် မစိုက်ထူပါက ဒဏ်ရိုက်ခံရမည်ဟု ပြောဆိုထားကြောင်း ကျောင်းကုန်းမြို့နယ်မှ ဒေသခံများထံမှသိရသည်။

“လွတ်လပ်ရေးနေ့မှာ တစ်အိမ်ကို အလံတစ်လက် ထောင်ရမယ်ပြောတယ် ။ မထောင်တဲ့အိမ်ကို ဒဏ်ရိုက်မယ် စစ်ဆေးတာတွေလည်းလုပ်မယ်လို့ပြောတယ်။ ဒီတော့ ကြောက်ပြီးတော့ အကုန်ဝယ်ကြတာ အလံဝယ်မရတာတွေပါ ရှိလာရော “ဟု ကျောင်းကုန်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံ မထူလျှင် ဒဏ်ရိုက်ခံ ရမည်ဟု ပြောဆိုထားခြင်းနှင့် စစ်ဆေးခံရမည်ဆိုသောကြောင့် နိုင်ငံတော်အလံဝယ်ယူနေကြရသည့်အတွက် အလံဝယ်ယူမရခြင်းနှင့် စျေးတင်ရောင်းချနေကြခြင်း များပါ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။

“တစ်အိမ်ကိုအလံတစ်လက်ဘယ်သူမှမရှိဘူး။ အခုလိုမလုပ်ရင် ဒဏ်တပ်မယ် စစ်ဆေးမေးမြန်ခံရမယ်လို့ ခြောက်လိုက်တော့ လူတွေက ကြောက်ပြီး ဝယ်ကြတော့၊ ဝယ်မရတာတွေဖြစ်ကုန်တာ။ အချို့ဆိုင်တွေကျတော့လည်း အလံအသေးတစ်လက်ကိုတောင် ၅၀၀၀ ကနေ ၆၀၀၀ အထိပေးဝယ်နေကြရတယ်။ ဒါတောင်မရကြတော့ဘူး ဝယ်မရတဲ့သူတွေအတွက် ဒဏ်တပ်ခံရမယ်ဆိုရင်တော့ သက်သက်လုပ်စားတာလို့ပဲမြင်တယ် “ဟု ကျောင်းကုန်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် နိုင်ငံတော်အလံ ဝယ်ယူရန် ပစ္စည်းပြတ်လတ်နေကြောင်း သိရသည်။

#လွတ်လပ်ရေးနေ့ #နိုင်ငံတော်အလံ #အိမ်ရှေ့မစိုက်ထူထားသောနေအိမ်များအား #ဒဏ်ရိုက်မည်
#Ayeyarwaddy_Times