ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၈ ရက်
ရန်ကုန်တိုင်း၊မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့၊ တိုက်ကြီး -ဖောင်ကြီးလမ်းဘေး၊ရွှေအိမ်စံဥယျာဥ်ဟိုတယ် မှာ NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်တဦး ဇူလိုင်လ ၂၆ ရက်ညပိုင်းက သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ NLD အသိုင်းအဝိုင်းဆီကသိရပါတယ်။
သတ်ဖြတ်ခံရသူဟာ တိုက်ကြီးမြို့နယ်၊ NLD ပါတီအလုပ်အမှုဆောင် တိုက်ကြီး သက်ဦးလို့ လူသိများတဲ့ ဦးသက်ဦးဖြစ်ပြီး သူနေထိုင်တဲ့အခန်းကိုစစ်ဆေးရာကနေ သေဆုံးနေတာတွေ့ရတာလို့ ဒေသခံတဦးကပြောပါတယ်။
” ၂၆ ရက်ညပိုင်းက အသတ်ခံလိုက်ရတာ။ ရွှေအိမ်စံဟို တယ်မှာအသတ်ခံရတာ။ သူက အဲ့ဒီဟိုတယ်မှာ ရှယ်ယာပါတယ်လို့သိရတယ်။ ဘယ်ချိန်ထဲကအသတ်ခံရတာလည်းတော့မသိဘူး။ ထွက်မလာထွက်မလာနဲ့ တံခါးဖွင့်ကြည့်တော့မှ အသတ်ခံထားရလို့သေနေတာတွေ့တာလို့သိရတယ်” လို့ တိုက်ကြီးမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဦးသက်ဦး ဟာ ကျန်းမာရေးမကောင်းတာကြာမြင့်ပြီးဖြစ်ပြီး နိုင်ငံရေးပရောဂကြောင့်လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာလို့ မိသားစုနဲ့နီးစပ်တဲ့ NLD အသိုင်းအဝိုင်းကပြောပါတယ်။
” မိသားစုထံကသိရသလောက် ကျန်းမာရေးမကောင်းတာကြာပြီ အသတ်ခံရတာတော့ ဟုတ်တယ် ၊ ဒါပေမယ့် နိုင်ငံရေးပရောဂအရ လုပ်ကြံသတ်ဖြတ်သွားတာသာဖြစ်တယ်။ မဆုံးမိရက်ပိုင်းကတော့ ကိုဂျေမီတို့ကိစ္စတင်တာမျိုးရှိတယ်။ အတွေ့ကြုံရှိပြီး လက်ယဉ်နေတဲ့သူက ရည်ရွယ်ချက်ရှိရှိသတ််သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်”လို့ သေဆုံးသူ ဦးသက်ဦးနဲ့ နီးစပ်သူတဦးကပြောပါတယ်။
သူ့ကို ရွှေအိမ်စံတည်းခိုခန်းမှာ အမျိုးသမီး ၂ ဦးက သတ်ဖြတ်သွားတာလို့ မြို့ခံတွေက ပြောဆိုပေမယ့် သူ့ကိုသတ်ဖြတ်ခဲ့သူတွေဘယ်သူတွေဆိုတာနဲ့ ဘာကြောင့်အသတ်ခံရတယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဦးသက်ဦးဟာ တိုက်ကြီးမြို့နယ် NLD ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ၁ ဦးဖြစ်သလို နိုင်/ကျဥ်းကော်မတီဝင်တဦးဖြစ်ပြီး တိုက်ကြီးမြို့နယ် တိုက်ကြီး-ကပစလမ်းဘေးရှိ အမေ့အိမ်တည်းခိုခန်းပိုင်ရှင်လည်းဖြစ်ပြီးတော့ သူ သေဆုံးခဲ့တဲ့ ရွှေအိမ်စံဟိုတယ်နဲ့လည်း ပတ်သက်မှုရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။