မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၃ ရက်
ရဲတပ်ဖွဲ့၀င်များအနေနှင့် စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုကြောင်း စစ်ကောင်စီ၏ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြင်ဦးလွင်တွင်ပြုလုပ်ခဲ့သည့် ဒုရဲအုပ်လောင်း သင်တန်းဆင်းပွဲတွင် စစ်ကောင်စီခန့် ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်က ရဲတပ် ဖွဲ့၀င်များကို ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လေ့ကျင့်ရေးမှုဝါဒနဲ့အညီ ပြောင်းလဲတိုးတက်လာတဲ့ ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေဖို့လိုအပ်တယ်။ တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေဖို့ တပ်ဖွဲ့အလိုက် တစ်ဦးချင်း ကိုင်တွယ်ရမည့်လက်နက်နဲ့ ရဲတပ်ဖွဲ့သုံး ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက် နေရမယ်” ဟု ရဲချုပ်နီလင်း အောင်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရဲတပ်ဖွဲ့၀င်များကို စစ်ရေးဗျူဟာများနှင့် စစ်ရေးအတတ်ပညာများကို လေ့လာရန် ရဲချုပ်ကပြောဆိုနေရခြင်းမှာ ရဲတပ်ဖွဲ့၀င်များသည် စစ်ရေးပြင်းထန်သည့် ရှေ့တန်းစစ်မျက်နှာများသို့ အပို့ခံနေရပြီး စစ်တိုက်ခိုက်စွမ်းရည်မရှိဘဲ လက်နက်ချ ထွက်ပြေးခြင်း၊ သေဆုံးမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ရဲချုပ်နီလင်းအောင်က “ရဲတပ်ဖွဲ့၀င်တွေဟာ ပြည်တွင်းလုံခြုံရေးကို နောင်တော် တပ်မတော်နဲ့အတူ ဆောင်ရွက်နေကြတာဖြစ်လို့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေး၊ အလေးထားကြပ်မတ်ဆောင် ရွက်ကြရမှာ ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ပြောဆိုခဲ့သော ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ပြည်ထဲရေး ဒု၀န်ကြီးဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုံကြည်ရသူ တစ်ဦးလည်းဖြစ်သည်။
#ရဲတပ်ဖွဲ့ #စစ်နည်းဗျူဟာ #လေ့လာရမည် #ရဲချုပ်ဒုဗိုလ်မှူးကြီးနီလင်းအောင် #ဒုရဲအုပ်သင်တန် ဆင်းပွဲ #Ayeyarwaddy_Times