ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ အကျဥ်းထောင်တွင် အကျဥ်းကျနေသည့် စစ်ပြေး၊ ရဲပြေးများကို ရှေ့တန်းပို့ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကားများဖြင့် ခေါ်ထုတ်သွားကြောင်း ဒေသခံများထံက သိရသည်။

ကော့သောင်းထောင်မှ စစ်ကားများဖြင့် ခေါ်ထုတ်သွားသည့် စစ်ပြေး၊ ရဲပြေးများသည် စစ်စည်းကမ်းဥပဒေ၊ ရဲစည်းကမ်းဥပဒေ ချိုးဖောက်မှုများဖြင့် အကျဥ်းကျနေသည့် စစ်ကောင်စီတပ်သားများ ဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ရှေ့ရောနောက်ရော လုံခြုံရေးအပြည့်အစုံဝန်းရံပြီး စစ်ကားသုံးစီးလောက်နဲ့ အပြည့်တင်ပြီး ခေါ်ထုတ်သွားကြတာ။ အကျဥ်းသားတွေကို နေရာပြောင်းတယ်လို့ ပြောနေကြပေမဲ့ အဓိကတော့ တပ်သားအင်အားလိုနေတဲ့ ကရင်ဘက်က ရှေ့တန်း ကိုပို့တာ။ ကရင်ဘက်အပို့ခံရတဲ့ ကော့သောင်းဘက်က စစ်သားတွေဆိုရင်လည်း ပြန်မရောက်ကြတော့တာများတယ်” ဟု ကော့သောင်းအကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကော့သောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှာ လူအင်အားနဲပါးနေသလို ခွင့်မဲ့ ပျက်ကွက် ထွက်ပြေးမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ အကျဥ်းကျနေသည့် စစ်ပြေး၊ ရဲပြေးများကို ရှေ့တန်း ပို့ဆောင်ရခြင်းဖြစ်သည်ဟု ကော့သောင်းဒေသခံများက ဆိုသည်။

ထိုသို့ စစ်ပြေး၊ ရဲပြေးများကို ကရင်ပြည်နယ်ရှေ့တန်းတစ်နေရာသို့ ပို့ဆောင်သည်ဟု မြို့ခံများ ပြောဆိုမှုရှိနေသော်လည်း အခြားအကျဉ်းသားများ ပါဝင်ခြင်းရှိ/မရှိ ကိုမူ ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုစုံစမ်းလျက်ရှိသည်။

ကော့သောင်းမြို့နယ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၀၊ ဘုတ်ပြင်း အခြေစိုက် စကခ-၁၃ နှင့် ရေဖြူမြို့နယ်အ ခြေစိုက် စကခ-၈ လက်အောက်ခံ တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေကြခြင်းဖြစ်ပြီး သေဆုံးမှုလည်း များပြား ကြောင်း သိရသည်။

ကရင်ပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ် အကျဆုံးနှင့် သေဆုံးမှု သတင်းများကြားပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကော့သောင်းမြို့နယ်၊ ခမောက်ကြီး အခြေ စိုက် စကခ-၂၀လက်အောက်ခံတပ်ရင်းများမှ ကရင်ပြည်နယ်သို့ ရှေ့တန်းမထွက်ချင်သဖြင့် ခွင့်မဲ့ပျက်ကွက်ပြုလုပ်၍ ထွက်ပြေးမှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ကောင်စီတပ်မှနေ၍ ခွင့်မဲ့ပျက်ကွက်သူ သို့မဟုတ် ထွက်ပြေးသွားသည့် စစ်ပြေးများ စစ်မှုပြန်ထမ်းဖို့ ဆန္ဒပြုလာပါ လက်ခံသွားမည်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့က ကြေညာထားသည်။

#ကော့သောင်းထောင် #အကျဥ်းကျနေသည့် #စစ်ပြေး #ရဲပြေး #ရှေ့တန်းပို့ရန် #စစ်ကောင်စီတပ် #ကားဖြင့်ခေါ်ထုတ်သွား #Ayeyarwaddy_Times